ငြိမ်းချမ်းရေးဆိုင်ရာ အတတ်ပညာရှင်အဖွဲ့ ဖွဲ့စည်းဖို့ ရှင်းလင်းပွဲကျင်းပ
2013.06.22

ကေအိုင်အို ကချင် လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ နောက်ဆုံးတွေ့ဆုံပွဲမှာ သဘော တူညီခဲ့တဲ့ အချက်တွေထဲက အတတ်ပညာရှင်အဖွဲ့ (Technical Team) ဖွဲ့စည်းရေးအတွက် (PCG) ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ကချင်ပြည်နယ် လူထုအခြေပြု အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ မြစ်ကြီးနားမြို့က စိန့်ပတ် ထရစ် ဘုရားကျောင်းမှာ ဒီကနေ့တွေ့ဆုံပြီး ရှင်းပြခဲ့ပါတယ်။
ကေအိုင်အိုအဖွဲ့က ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ နဲ့ ပြည်သူလူထုပါဝင်တဲ့ ပညာရှင်အဖွဲ့(Technical Team) ဖဲ့ွစည်းထားမယ်ဆိုရင် နောင်လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လိုအပ်တဲ့ကြို တင်ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပီစီဂျီအဖွဲ့ဝင် ဦးလမိုင်ဂွန်ဂျာက RFA ကို အခုလို ပြောပါတယ်။
"နိုင်ငံတော် အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးတဲ့အချိန်မှာTechnical Team ကို ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်၊ ဒါကြောင့်မို့ နှစ်ဦးနှစ်ဖက်ဆွေးနွေးပွဲ မစတင်မီ ကြိုတင်ပြီးတော့မှ ပြင်ဆင်ညှိနှိုင်းစရာရှိတဲ့ဟာတွေကို ညှိနှိုင်းဖို့အတွက် ဖွဲ့စည်းထားတာဖြစ်တယ်၊ ဆွေးနွေးပွဲလုပ်တဲ့အခါမှာ ပိုပြီးအထောက်ကူပြုလာမယ်၊ ပိုပြီးတွင်ကျယ်လာမယ်ပေ့ါ၊ ပိုပြီးအောင်မြင်လာမယ်လို့ကျနော်တို့ထင်တယ်"
ပြီးခဲ့တဲ့ မေလ ၃ဝ ရက်နေ့က ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရလဒ်အရ အချက် ၆ ချက်ပါ သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီအချက်တွေထဲက တစ်ချက်ဖြစ်တဲ့ အတတ်ပညာရှင် Technical Team အဖွဲ့ ဖွဲ့စည်းဖို့ အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဒီအဖွဲ့မှာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ကချင်လူမျိုးတွေ ပါဝင်နိုင်ဖို့အတွက် လူထုအစည်းအဝေးပွဲတွေကို ဇူလိုင်လဆန်းပိုင်းမှာ မြို့နယ်အနှံ့ ကျင်းပသွားမယ်လို့ သိရပါတယ်။