မန္တလေးမြို့ မြရည်နန္ဒာအိမ်ရာထဲက ဆက်သွယ်ရေးတာဝါတိုင် ပေါက်ကွဲမှုဖြစ်

2021.09.24
မန္တလေးမြို့ မြရည်နန္ဒာအိမ်ရာထဲက ဆက်သွယ်ရေးတာဝါတိုင် ပေါက်ကွဲမှုဖြစ် မန္တလေးမြို့ကို တွေ့ရစဉ်
Photo: RFA

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၇ လမ်း၊ ၄၅ လမ်းနဲ့ ၄၆ ကြားမှာရှိတဲ့ မြရည်နန္ဒာအိမ်ရာဝန်းထဲက ဆက်သွယ်ရေးတာဝါတိုင်တစ်ခု စက်တင်ဘာလ ၂၄ ရက် ဒီနေ့မနက်အစောပိုင်းမှာ ဖောက်ခွဲခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၄ နာရီလောက်မှာ ပေါက်ကွဲသံအကျယ်ကြီး သုံးချက်ကြားလိုက်ရတယ်၊ နောက်ဆုံးတစ်ချက်က တော်တော်ကျယ်တယ် တိုက်တွေတောင်တုန်တယ်၊ ပထမတစ်ချက်ပေါက်တော့ အနားက ဘယ်သူမှ ထွက်မကြည့်ကြနဲ့ဆိုပြီး အော်သံကြားရတယ်၊ မနက်လင်းပိုင်းကျတော့ စစ်သားတွေ၊ အရပ်ဝတ်တွေနဲ့ ကားလေးစီးလောက်ရောက်လာပြီး ဓာတ်ပုံတွေရိုက်ကြတယ်၊ တာဝါတိုင် ပျက်စီးမှုမရှိပေမယ့် အောက်ခြေအုတ်ခုံနားမှာတော့ ကျင်းကြီးဖြစ်သွားတယ်” လို့ ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဒီကနေ့မှာပဲ မန္တလေးမြို့က ၇၃ လမ်းနဲ့ ၃၅ လမ်းအနားမှာလည်း ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေးမြို့မှာ ဆက်သွယ်ရေးတာဝါတိုင် ဖောက်ခွဲခံရတာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး ဘယ်အဖွဲ့က လုပ် ဆောင်ခဲ့သလဲ ဆိုတာတော့ တိတိကျကျမသိရသေးပါဘူး။

စက်တင်ဘာလ ၂၃ ရက် မနေ့ကလည်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာ စစ်တပ်ဗိုလ်လောင်းဝင်ခွင့် အတွက် သင်တန်းပေးတဲ့နေအိမ် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မန္တလေးကိုယ်စားပြု အထူးပြောက်ကျားတပ်ဖွဲ့က သူတို့လုပ်တာလို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက်ပိုင်း စစ်ကောင်စီပိုင် မိုင်တဲ တာဝါတိုင်တွေကို ဒေသခံ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေက ဖောက်ခွဲမှုတွေ လုပ်နေတာဖြစ်ပြီး RFA က သီးသန့်ပြုစုထားတဲ့ စားရင်းတွေအရ ဒီကနေ့အချိန်အထိ ဖောက်ခွဲဖျက်ဆီးခံရတဲ့ ဆက်သွယ်ရေးတာဝါတိုင် စုစုပေါင်း ၁၀၀ ကျော်လာပြီဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။