ဘွဲ့နှင်းသဘင်ခန်းမကို တယ်လီနော အသုံးပြုမှု ဆန္ဒပြမည်
2014.07.13

ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တယ်လီနော တယ်လီဖုန်းကုမ္ပဏီရဲ့ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခွင့်ပြုတဲ့အပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ က ကျောင်းအုပ်ချုပ်ရေးကို ကန့်ကွက်ဆန္ဒပြသွားမယ်လို့ သိရပါတယ်။
တယ်လီနော ကုမ္ပဏီမိတ်ဆက်ပွဲ အခမ်းအနားကို မနက်ဖြန် ဇူလိုင်လ ၁၄ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းအတွက် ဘွဲ့နှင်းသဘင်ခန်းမကို အသုံးပြုခွင့်ပေးတာကို လက်မခံနိုင်တာကြောင့် ကန့်ကွက်သွားမှာဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်း သားသမဂ္ဂအဖွဲ့ဝင် ကိုမင်းသုခက ပြောပါတယ်။
"ကျောင်းသားအရေးလှုပ်ရှားနေတဲ့ သမဂ္ဂကို ကျတော့ ကျောင်းသားအရေးနဲ့ သက်ဆိုင်တဲ့ ဆဲဗင်းဇူလိုင်လို အခမ်းအနားမျိုး၊ နောက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့လို အခမ်းအနားမျိုး အဲလိုဟာ မျိုးကျတော့ ဘွဲ့နှင်းသဘင်မပြောနဲ့ ကျောင်းရဲ့ပရိဝုဏ်အတွင်းမှာ လုံးဝမပေးတဲ့အပြင် လုပ်ခဲ့ပြီဆိုရင် လည်း ကျောင်းကအင်အားနဲ့လာပြီး နှောင့်ယှက်တာတွေရှိတယ်၊ အခုလိုမျိုး စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ ပတ်သက်ပြီးတော့ ဘွဲ့နှင်းသဘင်ခန်းမကို အသုံးပြုခွင့်ပေးလိုက်တာကို ကျောင်းသားတစ်ယောက်အနေနဲ့ရော သမဂ္ဂအနေနဲ့ရော လုံးဝခံပြင်းစရာတစ်ခုဖြစ်တယ်၊ အဲဒီတော့ ကျနော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက် ပြီးတော့ ပြင်းပြင်းထန်ထန်ကို တုန့်ပြန်မှာပါ"
အဲ့ဒီအခမ်းအနားကို စာသင်ခန်းတစ်ခန်းက ကျောင်းသား ၁၀ ဦးစီ တက်ရောက်ဖို့ ကျောင်းအုပ်ချုပ်ရေးက ညွှန်ကြားထားတယ်လို့လည်း ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ ဒဂုံတက္ကသိုလ်မှာ ကျောင်းသားနားနေဆောင်မှာ စိုက်ထူထားတဲ့ ခွပ်ဒေါင်းအလံ ကို ကျောင်းအုပ်ချုပ်ရေးက ဖြုတ်ချခဲ့တဲ့အတွက် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ဆန္ဒပြခဲ့ကြပါတယ်။