သပိတ်ကျင်း နွားမှောင်ခို ကိစ္စ ဒေသခံတွေ ရှင်းလင်းပွဲ ကျင်းပ
2015.12.24
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်းက ကြာညှပ်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှူးတို့က တရားမဝင် နွားခိုးထုတ်နေသူတွေဆီကနေ နွားဖြတ်သန်းသွားလာမှုအတွက် ငွေကြေးကောက် ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရားမဝင်နွားခိုးထုတ်သူတွေကိုသာမကပဲ ကျွဲ၊ နွားတွေနဲ့သွားလာတဲ့ တောင်သူဆီကပါ ငွေကြေး ကောက်ခံနေ တာကို မကျေနပ်တာကြောင့် ဒေသခံတောင်သူတွေက ဒီနေ့ မန္တလေးမြို့၊ မီဒီယာစင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာလို့ ဇင်းချောင်းရွာသား ကိုမောင်နိုင်က ပြောပါတယ်။
"မှောင်ခိုသွားလာတဲ့လူတွေကတော့ သူတို့က ပိုက်ဆံရှိလို့ အရောင်းအဝယ်လုပ်တာဆိုတော့ ပေးကမ်းနိုင် တာပေါ့လေ၊ ကျနော်တို့ တောင်သူတွေကျတော့ မပေးကမ်းနိုင်တဲ့အခါကျတော့ ရဲစခန်းမှူး အောင်စန်းမော် တို့ကနေပြီးတော့ ဖမ်းဆီးပြီးတော့ ဒါတွေကိုတရားစွဲဆိုတာပေါ့လေ၊ သွင်းကုန် ထုတ်ကုန်ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတာက ကိုမောင်ခိုင်နဲ့အဖွဲ့ ၆ ယောက်ပေါ့နော်၊ ရဲစခန်းနဲ့ ကြာညှပ်အုပ်ချုပ်ရေးမှူး အဓိကထားပြီးတော့ ဆိပ်ကမ်းခွန်တို့ အကုန်လုံးပေါင်းစုံကို နွားတစ်ကောင်ကို လေးသောင်းခုနှစ်ထောင်ကျပ် သူတို့က အဲ့ဒီလိုကောက်ခံတာပေါ့"
တရားမဝင် နွားခိုးထုတ်သူတွေဟာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းကနေ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ကိုဖြတ်ကာ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်အတွင်းက မန်စီမြို့ကတစ်ဆင့် တရုတ်ပြည်ဖက်ကို သွားရောက်ရောင်းချနေတာဖြစ်တယ်လို့ ပြောပါတယ်။
နွားခိုးထုတ်သူတွေဟာ သပိတ်ကျင်းမြို့နယ်ထဲကို နေ့စဉ်ဖြတ်သန်းသွားလာလေ့ရှိပြီး တစ်ရက်ကို နွား အကောင် ရေ ၆ဝ ကနေ ၄ဝဝ ဝန်းကျင်ထိသွားရောက် ရောင်းချတာတွေ ရှိတယ်လို့လည်း ဇင်းချောင်းကျေးရွာ က ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှူးတို့ဟာ တရားမဝင် နွားခိုးထုတ်နေသူတွေ ဖြတ်သန်းသွားလာနေတာကို ငွေကြေးကောက်ခံပြီး သွားလာခွင့်တွေ ပေးနေ တယ်လို့ သပိတ်ကျင်းမြို့နယ်က ဒေသခံတောင်သူတွေက ဒီကနေ့ မန္တလေး မီဒီယာစင်တာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ သပိတ်ကျင်းမြို့နယ်၊ ဇင်းချောင်းကျေးရွာသား ကိုမောင်နိုင်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။