မူးယစ်ရာဇာတွေ စုံစမ်းဖမ်းဆီးပေး ဖို့ ထိုင်းအကူအညီတောင်း
2014.12.30
မြန်မာနိုင်ငံတွင်းမှာ ပုန်းအောင်းခိုလှုံနေကြတဲ့ မူးယစ်ရာဇာ ၁၀ ယောက်ကို စုံစမ်းရှာဖွေဖမ်းဆီးပေးဖို့ ထိုင်းအစိုးရ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က မြန်မာအစိုးရကို အကူအညီတောင်းခံလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်း က ဖေါ်ပြပါတယ်။
အဲ့ဒီ မသင်္ကာသူ ၁၀ ဦးအတွက် ဖမ်းဝရမ်းကိုလည်း ONBC ခေါ် ထိုင်း အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး အဖွဲ့ရုံး က မြန်မာအာဏာပိုင်တွေကို ပေးအပ်ထားကြောင်း၊ မသင်္ကာသူတွေဟာ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေဆီ ထွက်ပြေးခိုလှုံနေကြတာဖြစ်လို့ ဖမ်းဆီးဖို့ခက်ခဲကြောင်း၊ သူတို့ကို ခြေရာခံဖမ်းဆီး ဖို့ မြန်မာအစိုးရက ကူညီပေးမှာဖြစ်ကြောင်း ONBC အတွင်းရေးမှူးက ပြောပါတယ်။
အဲ့ဒီ မသင်္ကာသူ ၁၀ ဦးထဲမှာ ကွယ်လွန်သူ မူးယစ်ရာဇာ ခွန်ဆာရဲ့ လက်ထောက်ဟောင်းတစ်ဦးဖြစ်သူ ဒု ဗိုလ်မှူးကြီး ယီဆယ် ပါဝင်တယ်လို့ သိရပါတယ်။ သူဟာ အခုအခါ မူဆာလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး၊ ၀ လူမျိုးစုအဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့ ယုံကြည်ရတယ်လို့ ONBC အတွင်းရေးမှူး က ဆိုပါတယ်။ ယီဆယ်အဖွဲ့ဟာ ထိုင်း မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖါလောင်းအရပ်မှာ လှုပ်ရှားနေပြီး၊ ထိုင်းနိုင်ငံမြောက်ပိုင်းကို မူးယစ်ဆေးမှောင်ခို သွင်းနေတယ်လို့လည်း ပြောပါတယ်။
ONBCအနေနဲ့ ယီဆယ်အဖွဲ့အပြင် တခြားမူးယစ်ဆေးနဲ့ ပတ်သက်ပြီး တခြားမသင်္ကာသူ ၁၄ ဦး ရဲ့ ပိုင်ဆိုင်မှုတွေကို လည်း ပိတ်ဆို့ထိန်းချုပ်ထားရာမှာ စုစုပေါင်းတန်ဖိုး ထိုင်းဘတ်ငွေ ၂၂၂ သန်း ဖိုးရှိတယ်လို့ သိရပါတယ်။