ထိုင်းမှာ အဖမ်းခံရတဲ့ မြန်မာ ရှစ်ယောက် တရားရင်ဆိုင်ရ
2021.10.10

မြန်မာနိုင်ငံ ဘုရားသုံးဆူရဲ့တဘက်ကမ်းဖြစ်တဲ့ ထိုင်းနိုင်ငံ ဆန်ခလဘူရီခရိုင်မှာ တရားဝင် အထောက်အထား မရှိဘဲ ဝင်လာတဲ့ မြန်မာ ရှစ်ယောက်နဲ့ သူတို့ကိုခေါ်လာတဲ့ ထိုင်းတစ်ယောက်ကို ထိုင်းစစ်တပ်နဲ့ရဲ ပူးပေါင်း အဖွဲ့က မနေ့ကဖမ်းလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ဒေသစံတော်ချိန် မနက် ၃ နာရီခွဲလောက်မှာ မောင်းလာတဲ့ အဖြူရောင်နစ်ဆန်းဆီဒင်ကားတစ်စီးကို တားပြီး စစ်ဆေးတဲ့အခါ ဖမ်းမိတာလို့ဆိုပါတယ်။ အဖမ်းခံရသူတွေက အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး ငါးယောက်ဖြစ်ပါတယ်။ သူတို့က ဘုရားသုံးဆူကနေ ဆန်ခလဘူရီကိုဖြတ်ပြီး ဆမွန်ဆာခွန်ခရိုင်မှာ အလုပ် သွားလုပ်ဖို့ ပွဲစားကိုတစ်ယောက် ဘတ်ငွေ နှစ်သောင်းခွဲကနေ နှစ်သောင်း ရှစ်ထောင်လောက်ဆီ ပေးခဲ့ ရတယ်လို့ ဆိုပါတယ်။
သူတို့ထဲက ငါးယောက်ကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ရော၊ ဒေသန္တရဆိုင်ရာ ကိုဗစ်ကပ်ရောဂါ တားမြစ်မိန့်ချိုးဖောက်မှုနဲ့ပါ တရားစွဲထားပါတယ်။ ကားမောင်းသမား ထိုင်းလူမျိုးကိုလည်း တရားမဝင် လူသယ်ယူမှုနဲ့ တရားစွဲထားပါတယ်။ သူတို့ကို ဆန်ခလဘူရီရဲစခန်းကို လွှဲပြောင်းထားပါတယ်။