ကျန်ရှိထိုင်းလူငယ် ၉ ဦး ကယ်ဆယ်ရေးအခြေအနေ
2018.07.09

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ကျန်ရှိနေတဲ့ ထိုင်းလူငယ် ၉ ယောက်ကို ဒီနေ့ ကယ်ထုတ်ရေးဆက်လက်ဆောင်ရွက်ရာ ညနေပိုင်းမှာ တချို့ကိုကယ်ထုတ်နိုင်ပြီလို့ အဲဒီနေရာကို ရောက်ရှိနေသူတွေက ပြောပါတယ်။
လက်ရှိမှာ ဂူအနီးကနေ ဆေးရုံကားတစ်စီးနဲ့ ချင်းရိုင်ဆေးရုံကို ခေါ်သွားနေတာတေ့ွရပေမယ့် ဘယ်နှစ်ယောက်ကို ကယ်ထုတ်လာနိုင်တယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဧရာဝတီသတင်းဌာနက သတင်းထောက် ကိုကျော်ခက ပြောပါတယ်။
"ခုနကတုန်းကတော့ ဆေးရုံကားတစ်စီးထွက်သွားတယ်၊ ဒီဘက်မှာကျနော်တို့ အခြားသူငယ်ချင်း သတင်းထောက်တွေ ပြောတာကတော့ အဲဒီထဲမှာ ကလေးပါသွားတယ်၊ ဟယ်ရီကော်ပါတာကွင်းကို သွားပို့တယ်၊ အဲဒီကွင်းကနေ ချင်းရိုင်းဆေးရုံခေါ်သွားတယ် အဲလိုပြောတယ် ဘယ်နှစ်ယောက်လည်းတော့ အတည်မပြုနိုင်ဘူး"
ကယ်ထုတ်ရေးလုပ်ငန်းစဉ် ပထမနေ့မှာတော့ ဂူထဲမှာပိတ်မိနေတဲ့လူငယ် ၁၃ ယောက်ထဲက ၄ ယောက်ကို ကယ်ထုတ်နိုင်ပြီး အဲဒီကလေးတွေဟာ ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ဒီနေ့ ထမင်းစားနိုင်နေပြီလို့ ဒီနေ့ နေလည်ပိုင်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကျန်ရှိနေတဲ့ ၉ ဦးကို ကယ်ဆယ်ဖို့ ဒုတိယနေ့လုပ်ငန်းစဉ်အဖြစ် ဒီနေ့မနက် ၁၁ နာရီလောက်က ကယ်ဆယ်ရေးရေငုပ်သမား ၁၈ ဦးဟာ ဂူထဲကို ဝင်သွားတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ မနေ့ကထပ်ပိုပြီး အချိန်မြန်မြန်နဲ့ ဂူအပြင်ကို ကယ်ထုတ်နိုင်လိမ့်မယ်လို့ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ခန့်မှန်းထားပါတယ်။
ဒီနေ့ညနေပိုင်းမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ ထမ့်လုံလှိုင်ဂူကို ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ လာရောက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။