ထိုင်းကုမ္ပဏီတွေ ဒေသခံတွေ အပေါ် ပြစ်မှုကျူးလွန်ရင် တိုင်ကြားနိုင်


2013.06.11
dawei-305.jpg ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဦးဆောင် ညွှန်ကြားရေးမှူး Dr. Niran Pitakwatchara ရဲ့ Public Forum on Sustainable Development ဆွေးနွေးပွဲကို တက်ရောက်လာသူများနဲ့အတူ တွေ့ရစဉ်
photo: RFA/ Kyaw Lwin Oo

မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ထိုင်းကုမ္ပဏီတွေက ဒေသခံတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်မှု၊ သဘာဝပတ်ဝန်းကျင် ဖျက်စီးမှုတွေ ကျူးလွန်တယ်ဆိုရင် ထိုင်းအမျိုးသား လူအခွင့်အရေးကော်မရှင်မှာ တိုင်ကြားနိုင်ကြောင်း ထိုင်းအမျိုးသား လူအခွင့်အရေးကော်မရှင်မှ ဦးဆောင် ညွှန်ကြားရေးမှူး  Dr. Niran Pitakwatchara က ပြောကြားလိုက်ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ဒေသကို ရောက်ရှိနေတဲ့ နာမည်ကျော် ထိုင်းလူမှုရေး ခေါင်းဆောင် Sulak Sivaraksa ဦးဆောင်တဲ့ ထိုင်းလူ့အခွင့်ရေး လှုပ်ရှားသူတွေဟာ ထားဝယ်မြို့ ဆိပ်ကမ်းသာ ခန်းမမှာကျင်းပတဲ့ ဒေသရှေရှည်ဖွံဖြိုးရေးနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ထိုင်းလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာ နီရန် ပီတာဝါကာရာက ပြောကြားခဲ့တာကို ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင် ကိုသန့်ဇင်က RFA ကို ပြောပါတယ်။

"ဒီနေ့ ဆရာကြီး ဆူလတ်ရဲ့ ထိုင်းလူ့အခွင့်အရေးကော်မရှင်နဲ့ ဒေသခံတွေတွေ့ဆုံတဲ့ပွဲကို ထိုင်းလူ့အခွင့်အရေးကော်မရှင်က အဓိကကတိပြုတာကျတော့ ထိုင်းနိုင်ငံကလာတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ကုမ္ပဏီတွေသည် ဒီမြန်မာနိုင်ငံနဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေမှာ စီးပွားရေး လုပ်ငန်းတွေ သွားလုပ်တဲ့အခါမှာ သူတို့ကုမ္ပဏီတွေက လူ့အခွင့်အရေးကိုချိုးဖောက်ခဲ့မယ်ဆိုရင် ဒေသခံတွေအနေနဲ့တိုင်နိုင်တယ်၊ သူတို့ကဒါကို အရေးယူစစ်ဆေးမှုတွေလုပ်ပေးမယ်လို့ သူတို့ကတိပေးတာရှိတယ်"

အထူးစီးပွားရေးဇုန် စီမံကိန်းတွေကြောင့် ထိုင်းနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ဆိုးကျိုးတွေကို ဥပမာပြဆွေးနွေးခဲ့ ပြီး ဒေသခံတွေအနေနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုပြင်ဆင်ထားရမယ်ဆိုတာကို လည်း ထောက်ပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲကို ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(DDA)မှ ဦးစီးကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံရေးပါတီတွေ၊ ၈၈ မျိုးဆက်ကျောင်းသား(ထားဝယ်)အဖွဲ့၊ ထားဝယ်ခရိုင်အတွင်းက မြို့နယ်လေးမြို့နယ်မှ အဖွဲ့အစည်းတွေနဲ့ စိတ်ဝင်စားသူတွေအပါအဝင် လူပေါင်း ၁၃ဝ ကျော် တတ်ရောက်ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။