မြန်မာနဲ့ ရေကြောင်းကုန်သွယ်မှု အကျိုးဖြစ်ထွန်းနိုင်ကြောင်း ထိုင်း ဒုဝန်ကြီး ပြော

RFA Burmese
2024.07.16
မြန်မာနဲ့ ရေကြောင်းကုန်သွယ်မှု အကျိုးဖြစ်ထွန်းနိုင်ကြောင်း ထိုင်း ဒုဝန်ကြီး ပြော ထိုင်း ပို့ဆောင်ရေးဒုဝန်ကြီး မန်နာပွန် ချာရွန်စီအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့က တွေ့ရစဉ်။
Bangkok Post Photo

မြန်မာနိုင်ငံက ကုန်းလမ်းအစား ရေကြောင်းက ကုန်စည်တင်ပို့လာတာကြောင့် ရနောင်းဆိပ်ကမ်း လည်ပတ်မှု မြင့်တက်လာပြီး ထိုင်းအစိုးရရဲ့ လမ်းတံတားစီမံကိန်း (Land Bridge) အတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ထိုင်း ပို့ဆောင်ရေးဒုဝန်ကြီး မန်နာပွန် ချာရွန်စီက ပြောကြောင်း ဇူလိုင် ၁၇ ရက် ဒီနေ့ ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ရပ်ဆိုင်းခဲ့ရတယ်လို့ မန်နာပွန်က ပြောပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေဟာ မဲဆောက်ခရိုင် နယ်စပ်ကိုဖြတ်ပြီး ကုန်ကားတွေနဲ့ ကုန်စည်တင်ပို့မယ့်အစား သူတို့ရဲ့ ကုန်စည်တွေကို ရေကြောင်းက တင်ပို့လာတာလို့ ဆိုပါတယ်။

ထိုင်းဆိပ်ကမ်းအာဏာပိုင်တွေကိုလည်း ရနောင်းဆိပ်ကမ်းရဲ့ ဝန်ထမ်းနဲ့ အခြားလိုအပ်ချက်တွေကို မြန်မာနိုင်ငံက ဝင်လာမယ့် ကုန်စည်တွေအတွက် အသင့်ပြင်ထားဖို့ ညွှန်ကြားထားတယ်လို့ မန်နာပွန်က ပြောပါတယ်။

“ဒါက ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကနေ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေပြန်ဖွင့်ဖို့ အခွင့်အလမ်းကောင်းတစ်ခုပါ။ ထိုင်းပင်လယ်ကွေ့နဲ့ အက်ဒမန်ပင်လယ်ကို ဆက်သွယ်မယ့် တံတားတစ်ခုတည်ဆောက်ရေး အစိုးရရဲ့ လမ်းတံတားစီမံကိန်းကိုလည်း အထောက်အကူဖြစ်စေပါလိမ့်မယ်”

မြန်မာနိုင်ငံက MCL-4 နဲ့ Beypore Sultan ကုန်တင်သင်္ဘောနှစ်စီးဟာ ဇူလိုင် ၅ ရက်နဲ့ ၈ ရက်နေ့တွေမှာ ရန်ကုန်ကနေ ရနောင်းဆိပ်ကမ်းကို ဆိုက်ရောက်လာခဲ့တယ်လို့ ထိုင်းဆိပ်ကမ်းအာဏာပိုင် အကြီးအကဲတစ်ဦးက ပြောပါတယ်။

အဲဒီကုန်တင်သင်္ဘောနှစ်စီးဟာ သွင်းကုန်အဖြစ် စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းတွေကို သယ်ဆောင်လာပြီး ထိုင်းနိုင်ငံပို့ကုန်တွေအဖြစ် လျှပ်စစ်ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကို ပြန်လည်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ မြ၀တီ သတင်းစာကလည်း ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုကို ကမ်းရိုးတန်းဆိပ်ကမ်းက ကွန်တိန်နာစနစ်နဲ့ ကုန်သွယ်မှု စတင်ဆောင်ရွက်နေပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၈ ရက်နေ့အထိ ဒေါ်လာ လေးသန်းကျော်တန်ဖိုးရှိ ပို့ကုန်လိုင်စင် ၁၅ စောင်နဲ့ ဒေါ်လာ ၂၆ သန်းကျော်တန်ဖိုးရှိ သွင်းကုန်လိုင်စင် ၅၉၈ စောင်ကို ခွင့်ပြုပေးထားတယ်လို့ ဇူလိုင် ၁၆ ရက်နေ့မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။