မဲပေးဖို့ စာရင်းသွင်းနိုင်ကြောင်း ဘန်ကောက်မြန်မာသံရုံး ကြေငြာ


2015.07.02
ygn-voter-list-620.jpg ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်တစ်ခုမှာ မဲစာရင်းလာရောက်ကြည့်ရှုဖို့ နှိုးဆော်ကြော်ငြာထားစဉ်
Photo: Aung Thain Kha/ RFA

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးဖို့ စာရင်းပေး သွင်းနိုင်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မဲပေးမယ့်သူတွေဟာ ပုံစံ ၁၅ ကို ဖြည့်သွင်းရမှာဖြစ်ပါတယ်။ ပုံစံ ၁၅ ကို မြန်မာသံရုံးမှာ သွားရောက် ဖြည့်နိုင် သလို၊ သံရုံးရဲ့အင်တာနက် စာမျက်နှာ www.myanmarembassybkk.org ကနေ ပုံစံစာရွက်ရယူပြီး Email က တဆင့် ပေးပို့နိုင်ကြောင်း သံအမတ်ကြီး ဦးဝင်းမောင် က RFA ကို ပြောပါတယ်။

"ကြိုတင်မဲပေးချင်တဲ့လူက ပုံစံ ၁၅ ဖြည့်ရမယ်၊ သူတို့နေတဲ့ရပ်ကွက်တွေမှာ အခြေခံမဲစာရင်းပါရမယ်၊ အဲ့ဒါဆို လို့ရှိရင် မဲထည့်မလိုဘူး ကြိုတင်မဲလာထည့်လို့ရတယ်၊ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ရမယ်၊ မှတ်ပုံတင်ရှိရမယ်၊ အဲ့ဒါဆိုရင်ရပါပြီ၊ စာရင်းပေးလို့ရပြီ ပေးလို့ရပြီဆိုတာ သူတို့ရဲ့ အခြေခံမဲစာရင်း ကို ပြန်စစ်ရမှာလေ၊ အခြေခံမဲစာရင်းပါမှ ပေးလို့ရမယ်၊ အခြေခံမဲစာရင်းမှာ နာမည်မပါရင်ပေးလို့မရဘူး"

ပုံစံ ၁၅ ဖြည့်ရတာဟာ မဲပေးမယ့်သူ နေထိုင်ရာဒေသက အခြေခံမဲစာရင်းမှာ ပါမပါ ပြန်စစ်ဆေးရမှာကြောင့်ဖြစ် ပြီး၊ ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် လာရောက်ပညာသင် ယူနေသူတွေ၊ အစိုးရတာဝန်နဲ့ ရောက်ရှိနေသူတွေနဲ့ သာမန်နိုင်ငံကူးလက်မှတ် ရရှိထားတဲ့ မြန်မာအလုပ် သမားတွေ အလွယ်တကူ မဲပေးနိုင်ဖို့ဖြစ်တယ်လို့ သံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဦးရေ ၁ သန်း ၈ သိန်း ဝန်းကျင်ရှိပြီး၊ သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေးထားတဲ့ဦးရေ ၂ သိန်းခွဲ ဝန်းကျင်ရှိပါတယ်။ ၂ဝ၁၅ ရွေးကောက် ပွဲမှာ သာမာန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ သိန်းခွဲဟာလည်း ဆန္ဒ မဲပေးနိုင်တော့မှာ ဖြစ်တယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။