ထိုင်းဗီဇာရက်ချိန်း အွန်လိုင်းစနစ်နဲ့ပါ လက်ခံမည်

RFA Burmese
2024.02.19
ထိုင်းဗီဇာရက်ချိန်း အွန်လိုင်းစနစ်နဲ့ပါ လက်ခံမည် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းနှင့် မနော်ဟရီလမ်းထောင့်မှ ထိုင်းသံရုံးတွင် ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေကြသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

 [Update: 4: 40 PM, Feb 20, 2024]

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို သွားရောက်လိုသူတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ကြိုတင်ရက်ချိန်းရယူမှုကို အွန်လိုင်းစနစ်နဲ့ပဲ လက်ခံသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီနေ့ကစလို့ တစ်ရက်ကို လူလေးရာအတွက် အွန်လိုင်းကနေ ကြိုတင်ရက်ချိန်းရယူနိုင်ပြီး ထိုင်းသံရုံးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေမှာ ထပ်ထုတ်ပြန်ထားပါတယ်။

အွန်လိုင်းစနစ်နဲ့ ဗီဇာရက်ချိန်းရယူမှုဟာ ပိုအဆင်ပြေတဲ့အတွက် ရန်ကုန်မြို့က ထိုင်းသံရုံးမှာ လူကိုယ်တိုင် ရက်ချိန်းရယူတဲ့စနစ်ကိုတော့ ဖျက်သိမ်းလိုက်ပြီလို့ ဆိုပါတယ်။

အွန်လိုင်းကနေ ဗီဇာကြိုတင်ရက်ချိန်းရယူဖို့အတွက် ထိုင်းသံရုံး ဝဘ်ဆိုက် www.thaiconsularyangon.com/visa/ မှာ နာမည်၊ ဖုန်း၊ အီးမေးလ်၊ ပတ်စ်ပို့စ်နံပါတ်နဲ့ ဗီဇာအမျိုးအစားတွေကို ဖြည့်သွင်းပြီး လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းသံရုံးရဲ့ စီစဉ်မှုဟာ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ပိုလွယ်ကူသွားစေတယ်လို့ ထိုင်းနိုင်ငံကို အလည်အပတ် ဗီဇာနဲ့ သွားရောက်လိုသူတစ်ဦးက ပြောပါတယ်။

"ထိုင်းလာမယ့်သူတွေကို သူတို့ဘက်က လိုလိုလားလားရှိကြောင်း ပြရာရောက်သလို ပိုလွယ်သွားစေတာပေါ့။ ပြီးတော့ အွန်လိုင်းက လုပ်ဖို့က မြန်မာပတ်စ်ပို့စ်ရုံး ဝဘ်ဆိုက်ကို ဝင်ရသလောက် မခက်ဘူး"

စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက အသက်သွင်းပြီးနောက် လူငယ်လူရွယ် အများအပြားဟာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့၊ ကျောင်းတက်ရောက်ကြဖို့ ပြင်ဆင်မှုတွေ ရှိလာခဲ့တာပါ။

ထိုင်းနိုင်ငံကို ထွက်ခွာမယ့်သူတွေဟာလည်း များပြားတဲ့အတွက် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူတွေကို ကြိုတင်ရက်ချိန်းရယူတဲ့ တိုကင် တန်းစီစနစ်နဲ့ တစ်ရက်ကို လူလေးရာအတွက်သာ လက်ခံပေးမယ်လို့ ထိုင်းသံရုံးက ဖေဖော်ဝါရီလ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ ဗီဇာရက်ချိန်းကို အွန်လိုင်းကနေ လူဦးရေ နှစ်ရာနဲ့ သံရုံးမှာ လူကိုယ်တိုင် တိုင်ကင်ရယူသူ နှစ်ရာဆိုပြီး စုစုပေါင်း လေးရာလက်ခံပေးမယ်လို့ ထိုင်းသံရုံးက သတ်မှတ်ခဲ့တာပါ။

အဲဒီနောက် အွန်လိုင်းက ဗီဇာရက်ချိန်းရယူသူ လေးရာကို လက်ခံပေးမယ်လို့ ထပ်ပြီး ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

(မှတ်ချက်။ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၏ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန် ထုတ်ပြန်ချက်ကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။