မြန်မာပြည် ထိုင်းသံရုံး ဗီဇာလျှောက်ထားမှု ကန့်သတ်

RFA Burmese
2024.02.14
မြန်မာပြည် ထိုင်းသံရုံး ဗီဇာလျှောက်ထားမှု ကန့်သတ် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရန် တန်းစီနေသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှာ တစ်ရက်ကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူ လေးရာသာ လက်ခံတော့မယ်လို့ ထိုင်းသံရုံးက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုလုပ်ရတာဟာ ထိုင်း ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများပြားလာတဲ့အတွက် ကန့်သတ်လိုက်ရတာလို့ ထိုင်းသံရုံးက ဖော်ပြထားပါတယ်။

နောက်ပြီး တန်းစီစနစ်ကျင့်သုံးပြီးတော့ ရုံးချိန် မနက် ၈ နာရီခွဲမတိုင်ခင်မှာ တိုကင်ဝေပေးသွားမယ်လို့ ဆိုပါတယ်။

တိုကင်ကို လွှဲပြောင်းရယူတာ၊ အတုလုပ်တာတွေ ရှိခဲ့ရင်လည်း အမည်ပျက်စာရင်းသွင်းမယ်လို့ ရေးသားထားပါတယ်။

ဗီဇာတွေကို မနက် ၉ နာရီကစလို့ ထိုင်းသံရုံးမှာ လက်ခံပေးမှာဖြစ်ပြီး တိုကင်စာရင်းပေးထားသူနဲ့ လျှောက်လွှာတင်မယ့်သူရဲ့ ပတ်စ်ပို့ ကိုက်ညီမှု ရှိ၊ မရှိကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပြီးနောက်ပိုင်းမှာ ပြည်ပထွက်ခွာလိုသူတွေ များပြားလာခဲ့တာလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က တက္ကသိုလ်ကျောင်းလခ ဈေးသက်သာတဲ့ ဗုဒ္ဓတက္ကသိုလ်မှာလည်း လျှောက်ထားသူများလာတဲ့အတွက် မြန်မာနိုင်ငံက လျှောက်လွှာတွေကို လက်မခံတော့ဘူးလို့ ဖေဖော်ဝါရီလ ၁၄ ရက်မှာပဲ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်မှုမထမ်းမနေရ စနစ်ကို လာမယ့် ဧပြီလ ရုံးပိတ်ရက်တွေအပြီးမှာ စတင်မှာဖြစ်ပြီး အပတ်စဉ်တစ်ခုကို လူငါးထောင် ခေါ်ယူမယ်လို့ ဘီဘီစီ မြန်မာပိုင်းနဲ့ အင်တာဗျုးမှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။