မြန်မာအလုပ်သမား တစ်ထောင်လောက် လုပ်နေတဲ့ ထိုင်းစက်ရုံ မီးလောင်
2017.10.22

ထိုင်းနိုင်ငံ နခွန်ပထုန်မြို့နယ်က မြန်မာအလုပ်သမား ၁ ထောင်လောက် အလုပ်လုပ်နေတဲ့ လို့စ်တက်စ် ဆိုဖာစက်ရုံဟာ ဒီကနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် မြန်မာအလုပ်သမားတွေ အလုပ်ပြန်လုပ်ခွင့်ရဖို့ အခက်အခဲ တွေဖြစ်နိုင်တာကြောင့် မြန်မာအလုပ်သမား သံအရာရှိဆီကို အကြောင်းကြားထားတယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။
"စက်ရုံပင်မကြီးတစ်ခုလုံး ပါသွားတယ်ဆိုတော့ ခန့်မှန်းခြေ ၈၀ ရာခိုင်နှုန်းလောက်ပါသွားတယ်လို့ သုံးသပ်ရမယ်။ ထိုင်းအစိုးရဘက်ကလည်း အလုပ်တွေပြောင်းရွှေ့ခွင့်တွေလုပ်ပေးဖို့၊ ဌာနကနေ စီစဉ်ပေးမှ ဒီအလုပ်သမားတွေ နောက်အလုပ်သစ်တွေရှာရမယ်။ ပြီးတော့ အဲဒီထောင်နဲ့ အလုပ် သမားတွေ အဲ့ပတ်ဝန်းကျင်မှာ အလုပ်ပြန်ရဖို့လွယ်တော့မလွယ်ဘူး။ အခက်ခဲတွေတော့ ဘယ်လို လာမလဲမသိဘူး။ အဲ့ဒါတော့ ကျနော် အလုပ်သမားသံအရာရှိထံတော့ သတင်းပို့ထားပါတယ်"
ညပိုင်းနဲ့ နေ့ပိုင်း အလုပ်ချိန်အပြောင်းအလဲလုပ်နေချိန်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်တဲ့အတွက် အလုပ်သမား တွေတော့ ထိခိုက်ဒဏ်ရာရတာတွေမရှိဘူးလို့ သိရပါတယ်။
စက်ရုံဟာ မွေ့ယာတွေ၊ ပိတ်စတွေ၊ ခေါင်းအုံးတွေ၊ အိပ်ယာခင်းတွေ ထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီး စက်ရုံ အဆောက်အအုံရဲ့ ၈၀ ရာခိုင်နှုန်းလောက် မီးထဲပါသွားတယ်လို့လည်း ပြောပါတယ်။
အဲဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ MOU အလုပ်သမား ၄၀၀ လောက်ဟာ အလုပ်ဝင်တာ ၁ လကျော်သာ ရှိသေးတယ်လို့ သိရပါတယ်။
စက်ရုံမီးလောင်မှုကြောင့် မြန်မာအလုပ်သမားတွေအတွက် နောက်ထပ်အလုပ်ရနိုင်ဖို့ မြန်မာနိုင်ငံသံရုံးနဲ့ ပူးပေါင်းပြီး ကူညီဖို့စီစဉ်နေတယ်လို့လည်း ပြောပါတယ်။