ကိုရိုနာ ကပ်အတွင်း ထိုင်းရောက် မြန်မာတွေကို ဗီဇာသက်တမ်းတိုးခွင့်ပြု
2020.07.21
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံအတွင်း ပိတ်မိနေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေကိုလာမဲ့ သြတ်လ ၁ ရက်နေ့ကစပြီး ထိုင်းအစိုးရက ဗီဇာ ၂ လ ထပ်ပြီး သက်တမ်းတိုးခွင့်ပြုလိုက်ပါတယ်။ အဲ့ဒါကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် တရားဝင်နေထိုင်ခွင့်ထပ်ရသွားလို့ အတိုင်းအတာတခုအထိ အဆင်ပြေသွားပါတယ်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေလို့ ထိုင်းနိုင်ငံကနေ ကိုယ့်ရဲ့တိုင်းပြည်ကို မပြန်နိုင်ဘဲဖြစ်နေကြတဲ့ နိုင်ငံခြားသားတွေအတွက် ထိုင်းအစိုးရက ပြည်ဝင်ခွင့်ဗီဇာသက်တမ်းတိုးပေးတာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကနေ ဇူလိုင်လ ၃၁ ရက်နေ့ထိ တကြိမ် ဗီဇာသက်တမ်း တိုးခွင့်ပေးခဲ့ပြီး အခုတကြိမ်မှာ လာမဲ့ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဗီဇာသက်တမ်း ထပ်ပြီး တိုးခွင့်ပြုဖို့ ထိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့တာလို့ ဇူလိုင်လ ၂၁ရက် မနေ့ကထုတ်တဲ့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ဗီဇာကုန်တော့မှာ ဖြစ်လို့ စိတ်ပူနေတဲ့အချိန်မှာ အခုလို ထိုင်းအစိုးရအနေနဲ့ ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးပေးလိုက်တဲ့အတွက် အတိုင်းမသိဝမ်းသာတယ်လို့ ကိုဗစ်ကာလကြောင့် ချင်းမိုင်မြို့မှာ ပိတ်မိနေတဲ့ ကချင်အမျိုးသား ဦးဘောင်လဒွဲက ပြောပါတယ်။
ပထမတကြိမ် ဗီဇာတိုးပေးခဲ့တုန်းက ထိုင်းလဝကရုံးကို သွားပြီးအကြောင်းကြားစရာမလိုဘဲ နေထိုင်ခွင့်ရခဲ့သလို အခုတကြိမ်လည်း လဝကရုံးကို သွားစရာ မလိုဘူးလို့ သူက ပြောပါတယ်။ အဲ့ဒါကြောင့် နိုင်ငံကူးလက်မှတ်ထဲမှာ သက်တမ်းတိုးပေးထားတဲ့ အထောက်အထားတော့ ရှိနေမှာမဟုတ်ပါဘူး။
ကိုဗစ်အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံထဲ ပိတ်မိနေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ၅ သိန်းလောက်ရှိမယ်လို့ ထိုင်းအစိုးရက ခန့်မှန်းထားပါတယ်။
ထိုင်းအစိုးရက နိုင်ငံခြားသားတွေကို ဗီဇာသက်တမ်း ၂ လတိုးပေးလိုက်ပေမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံထဲ ပြန်ဝင်လာရေးက အခက်အခဲတွေ ရှိနေသေးတဲ့အတွက် ထိုင်းအစိုးရအနေနဲ့ ဖြေလျှော့မှုတွေ လုပ်ပေးသင့်တယ်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ တာဝန်ခံ ဦးမျိုးကျော်က ပြောပါတယ်။
ထိုင်းနိုင်ငံကို လာပြီးအလုပ်လုပ်ချင်ကြတဲ့ မြန်မာအလုပ်သမားတွေ ပြန်ဝင်ခွင့်နဲ့ ပတ်သက်ပြီး ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ထိုင်းအစိုးရက အစည်းအဝေး လုပ်ဖို့ရှိပါတယ်။
အဲဒီအစည်းအဝေးကနေ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအတွက် တစုံတရာ ဖြေလျှော့ပေးမှုတွေ ရှိလာနိုင်လိမ့်မယ်လို့လည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့အဖွဲ့အစည်းတွေက မျှော်လင့်နေကြပါတယ်။