စစ်ကောင်စီလက်နက်ဝယ်ဖို့ ငွေကြေးလွှဲပြောင်းမှုကိစ္စ ဘဏ်တွေနဲ့ ထိုင်းအစိုးရတွေ့ဆုံမည်
2024.07.18

မြန်မာစစ်ကောင်စီက လက်နက်ဝယ်ယူဖို့အတွက် အသုံးပြုခဲ့တယ်လို့ သံသယရှိတဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းအစိုးရက လာမဲ့သီတင်းပတ်မှာ ထိုင်းဘဏ်တွေနဲ့ အစိုးရဌာနတွေကို တွေ့ဆုံသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆင်ညမ်ဖုန် (Maris Sangiampongsa) က ဇူလိုင်လ ၁၈ ရက် ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။
ထိုင်းဘဏ်လုပ်ငန်းတွေအနေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေမှာ သင့်လျော်တဲ့ စိစစ်မှုနဲ့ သတိပြုစစ်ဆေးမှုတွေ လိုက်နာဆောင်ရွက်ဖို့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်နေ့မှာ အစည်းအဝေးပြုလုပ်သွားမဲ့အကြောင်း ထိုင်းနိုင်ငံရေးဝန်ကြီးက လွှတ်တော်မှာ ဒီနေ့ပြောကြားခဲ့တာလို့ ရိုက်တာက သတင်းဖော်ပြပါတယ်။
ထိုင်းလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီ ဥက္ကဋ္ဌက လက်နက်ဝယ်ယူမှုနဲ့ သက်ဆိုင်တယ်လို့ သံသယရှိတဲ့ ငွေကြေးလွှဲပြောင်းမှုတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အခုလို တုံ့ပြန်ဖြေကြားခဲ့တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဘဏ်ငွေကြေးလွှဲပြောင်းမှုကို ပံ့ပိုးတဲ့မူဝါဒမရှိသလို နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကိုလည်း အားမပေးဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးရဲ့ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာ မြန်မာစစ်ကောင်စီက စစ်လက်နက်ပစ္စည်း ဝယ်ယူတဲ့အခါ ထိုင်းအခြေစိုက် ကုမ္ပဏီတွေဟာ ထိုင်းဘဏ်တွေကိုအသုံးပြုပြီး ငွေပေးချေတယ်လို့ ဖော်ပြထားပါတယ်။ ၂ဝ၂၃ ခုနှစ်က အမေရိကန် ဒေါ်လာ သန်း ၁၂ဝ ပေးချေခဲ့ပြီး ၂ဝ၂၂ ခုနှစ်က ဒေါ်လာ သန်း ၆ဝ ပေးချေခဲ့တယ်လို့လည်း ဆိုပါတယ်။
ထိုင်းနိုင်ငံက ကရွန်ထိုင်းဘဏ်၊ SCBX ဘဏ်၊ ဘန်ကောက်ဘဏ်၊ TMB သန်ချတ်ဘဏ်နဲ့ ကဆစ်ကွန်ဘဏ် စတဲ့ဘဏ်တွေဟာ မြန်မာစစ်တပ် လက်နက်ဝယ်ယူရာမှာ အကူအညီပေးနေတဲ့ ဘဏ်တွေဖြစ်ကြောင်း ကုလအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ထိုင်းဘဏ်လုပ်ငန်း ကိုယ်စားလှယ်တွေကတော့ သူတို့ဟာ ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို တိတိကျကျလိုက်နာကြပေမဲ့ ငွေကြေးလွှဲပြောင်းမှုအားလုံးကို လက်နက်တွေဝယ်ယူဖို့အတွက် ဟုတ်မဟုတ်ဆိုတာ စစ်ဆေးနိုင်တဲ့ အခြေအနေ မရှိကြောင်း လွှတ်တော်ကော်မတီကို ပြောကြားထားပါတယ်။
ထိုင်းဗဟိုဘဏ်ကတော့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေရဲ့ သတင်းအချက်အလက်တွေ ရရှိဖို့အတွက် နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စဥ်းစားနေတယ်လို့ ပြောကြားထားပါတယ်။