ထိုင်းမှာ လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ သုံးဦး အသက်ရှုကျပ်သေဆုံး

RFA Burmese
2024.10.18
ထိုင်းမှာ လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ သုံးဦး အသက်ရှုကျပ်သေဆုံး ရိုဟင်ဂျာ သုံးဦး အသက်ရှုကျပ်သေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် ထိုင်းအာဏာပိုင်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Thai News

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ပွန်းပြည်နယ်မှာ မလေးရှားနိုင်ငံသွားဖို့ ကုန်တင်ကားထဲ ပုန်းခိုလိုက်ပါလာသူတွေထဲက ရိုဟင်ဂျာ သုံးဦးဟာ အသက်ရှုကျပ်ပြီး သေဆုံးခဲ့တယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ကုန်တင်ကားထဲ လိုက်ပါလာသူတွေထဲက သုံးဦး သေဆုံးတဲ့အကြောင်း ထိုင်းသတင်း ဖော်ပြချက်တွေကို ကိုးကားပြီး ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

"အောက်တိုဘာ ၁၈ ရက်နေ့ကဖြစ်စဉ်မှာ ထိုင်းယာဉ်မောင်းနှစ်ဦးက ခေါ်ဆောင်လာတဲ့ ၁၈ ဦးထဲက ချွန်ပွန်းပြည်နယ် လန်ဆမ်ခရိုင်ထဲမှာ ကုန်တင်ယာဉ်ပေါ်မှာ အသက်ရှုကျပ်ပြီးတော့ မြန်မာနှစ်ဦးသေတယ်၊ နောက်တစ်ဦးကတော့ ဆေးရုံအရောက်မှာ ထပ်သေတယ်၊ သုံးဦးသေဆုံးသွားတာပေါ့၊ ကျန်ရှိတဲ့ ခုနစ်ဦးကတော့ မူးမေ့တာတွေဖြစ်တာကြောင့် လန်ဆမ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတယ်"

သေဆုံးသူ သုံးဦးနဲ့ ကျန်တဲ့သူတွေအားလုံးဟာ ရခိုင်ပြည်နယ်က လာတဲ့ ရိုဟင်ဂျာတွေဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ရိုဟင်ဂျာအမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ငါးဦးဟာ အောက်တိုဘာ ၁၄ ရက်နေ့က မြဝတီကနေ မဲဆောက်ဘက်ကို တောလမ်းအတိုင်း ရောက်လာပြီး အဲဒီကနေ ထိုင်းလူမျိုး ယာဉ်မောင်းနှစ်ဦးက ကုန်တင်ယာဉ်နှစ်စီးနဲ့ ခေါ်ဆောင်ခဲ့တာပါ။

သူတို့ကို စစ်ဆေးမေးမြန်းချက်တွေအရ ထိုင်းတောင်ပိုင်းအရောက်မှာ အဲဒီထဲက ၁၀ ဦးကို သေဆုံးပြီလို့ ယူဆပြီး ယာဉ်မောင်းတွေက တောထဲမှာ စွန့်ပစ်ခဲ့တာကြောင့် သူတို့နဲ့ ပတ်သက်ပြီး နောက်ထပ် ဘာသတင်းမှမရတဲ့အကြောင်းလည်း ထိုင်းသတင်းတွေမှာ ဖော်ပြကြတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းယာဉ်မောင်းနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူကုန်ကူးမှုနဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ ပြောပြချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ အနာဂတ်မဲ့နေတဲ့ ရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံကို ကုန်းလမ်းနဲ့ ရေလမ်းတွေကနေ ပွဲစားတွေကတစ်ဆင့် နှစ်စဉ်သွားလေ့ရှိပြီး လမ်းမှာသေဆုံးသူတွေ နှစ်စဉ်ရာနဲ့ချီ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။