ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ က လှေစီးဒုက္ခသည်တွေကို ပုတ်ထုတ်နေ
2015.05.16

ဘင်္ဂလားဒေ့ရ်ှနဲ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေ တင်ဆောင်ထားတဲ့ သင်္ဘောတစင်းဟာ ထိုင်းနိုင်ငံကမ်းရိုးတမ်းတနေရာကို မနေ့က စနေနေ့ မှာရောက်သွားပေမယ့်၊ ထိုင်းရေတပ်က ပြန်မောင်း ထုတ်လိုက်လို့ မလေးရှားကမ်းခြေတစ်ခုကို ရောက် သွားတယ်လို့ သိရပါတယ်။
သောကြာနေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကိုရောက်သွားတဲ့ လူ ၈ ရာပါသင်္ဘောကိုလည်း ကြာသပတေးနေ့ကဆိုရင် အင်ဒိုနီးရှားရေတပ်က စားစရာနဲ့ဆေးတွေပေးပြီး မောင်းထုတ်လိုက်လို့ မလေးရှားကိုရောက်သွားသလို၊ မလေးရှားကတစ်ခါ စားစရာနဲ့ဆေးတချို့ပေးပြီး ပြန်မောင်းထုတ်လိုက်တဲ့ အတွက် အင်ဒိုနီးရှားကိုရောက်သွားတာဖြစ်ပါတယ်။ ထိုင်းအစိုးရက လူမှောင်ခိုနှိမ်နင်းရေး အပြင်းအထန်ဆောင်ရွက်နေတဲ့အတွက် မာလိန်မှူးက အဲ့ဒီသင်္ဘောကို စက်ပါဖျက်ပြီး ပင်လယ်ထဲ စွန့်ထားခဲ့လို့၊ သင်္ဘောမှာပါလာတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာတွေကြားမှာ ခိုက်ရန်ဖြစ် သတ်ဖြတ်ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် လူတချို့သေဆုံးရပြီး ပင်လယ်ထဲပစ်ချခံရသလို တချို့က ရေထဲခုန်ချပြီး နေရစ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ ရိုဟင်ဂျာ ဆိုသူတစ်ယောက်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ဒီနှစ်ရဲ့ပထမသုံးလပတ်အတွင်း လူမှောင်ခိုသမားတွေက ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာမွတ်စလင် ပျမ်းမျှ ၂ သောင်းခွဲလောက်ကို သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကပြောပါတယ်။