ထိုင်းနိုင်ငံမှာ နယ်စပ်ဖြတ်ကျော် မြန်မာ ၇၉ ဦး အဖမ်းခံရ

RFA Burmese
2024.03.28
ထိုင်းနိုင်ငံမှာ နယ်စပ်ဖြတ်ကျော် မြန်မာ ၇၉ ဦး အဖမ်းခံရ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Piyarach Chongcharoen

ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ပြီး တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၉ ဦးနဲ့ ထိုင်းလူပွဲစား ငါးဦးကို တနင်္သာရီတိုင်းနဲ့ ကပ်နေတဲ့ ကန်ချနပူရီခရိုင်ထဲမှာ ဖမ်းမိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ အင်္ဂါနဲ့ ဗုဒ္ဓဟူး နှစ်ရက်အတွင်း အဲဒီလူတွေကို အဖွဲ့ ငါးဖွဲ့အနေနဲ့ ဖမ်းမိတာပါ။

အမျိုးသား ကိုးဦးပါတဲ့ ပထမအဖွဲ့ကို ထိုင်းရဲ၊ စစ်သားနဲ့ ဒေသခံအုပ်ချုပ်ရေးတွေပါတဲ့ ပူးပေါင်းအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ရွာတစ်ရွာရဲ့ အိမ်အောက်မှာ ပုန်းနေတာကိုဖမ်းမိတာ ဖြစ်ပါတယ်။

အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီး သုံးဦးပါတဲ့ ဒုတိယအဖွဲ့ကို အဲဒီနေ့မှာပဲ အဝေးပြေးလမ်းမှာ သွားနေတဲ့ ထရပ်ကားအသေးတစ်စီးကနေ ဖမ်းမိတာ ဖြစ်ပါတယ်။ သူ့ကားကို မြန်မာတစ်ဦးက ဆန်ခရဘူရီကနေ ဆမွတ်ဆခွန်ခရိုင်ကို ဘတ် ရှစ်ထောင်နဲ့ ငှားလို့လိုက်လာတာဖြစ်တဲ့အကြောင်း ကားသမားက ရဲကို ထွက်ဆိုပါတယ်။ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေက ဘုရားသုံးဆူကနေ တောလမ်းဖြတ်ပြီး လမ်းလျှောက်ခဲ့ရသလို၊ ထိုင်းမှာ အလုပ်ရဖို့ ပွဲစားကို တစ်ဦး ဘတ် ရှစ်ထောင်ကနေ တစ်သောင်းအထိ ပေးခဲ့ရတယ်လို့ ပြောပါတယ်။

ကလေး ရှစ်ဦးအပါအဝင် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၀ ဦးပါတဲ့တတိယအဖွဲ့ကို ကန်ချနဘူရီနယ်စပ် ဟင်ဒက်ရွာမှာ ဖမ်းမိတာ ဖြစ်ပါတယ်။

အမျိုးသား ခြောက်ဦးနဲ့ ထိုင်းလူပွဲစား နှစ်ဦးပါတဲ့ စတုတ္ထအဖွဲ့ကတော့ ကားကိုစစ်ဖို့ ရဲက တားတဲ့အခါ ရပ်မပေးတဲ့အတွက် လိုက်ဖမ်းရာကနေ ဖမ်းမိတာလို့ ဆိုပါတယ်။

အဲဒီမတိုင်ခင် အင်္ဂါနေ့ညက ထာခနွန်ရွာနားမှာ မြန်မာ ၁၉ ဦးကို ထိုင်းနိုင်ငံသားတစ်ဦးနဲ့အတူ ဖမ်းမိတာ ဖြစ်ပါတယ်။ သူတို့ကို ဥပဒေအရအရေးယူမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။