ထိုင်း-မြန်မာ နယ်စပ်ဆွေးနွေးပွဲ ပြန်လည်စတင်မည်
2012.08.26
နှစ်အတော်ကြာရပ်တန့် နေခဲ့တဲ့ နှစ်နိုင်ငံနယ်စပ် ပူးတွဲကော်မတီ အစည်းဝေးကို လာမယ့် အောက်တိုဘာလအတွင်း ကျင်းပဖို့ မြန်မာဘက်က သဘောတူကြောင်း နယ်စပ်ကော်မတီ ပူးတွဲဥက္ကဋ္ဌ မစ္စတာ Vasin က ပြောဆိုပါတယ်။
လာမယ့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ ရှေးဟောင်းမြို့တော် ပုဂံမှာ အစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နေ့ရက် အတိအကျ မသတ်မှတ်ရသေးဘူးလို့ ထိုင်း အရာရှိ တစ်ဦးက ပြောပါတယ်။
ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံဟာ မိုင်ပေါင်း (၁၅၀၀) နီးပါး ထိစပ်နေပါတယ်။ နှစ်နိုင်ငံ နယ်စပ် နေရာအတော် များများမှာ နယ်နမိတ် တိတိကျကျ သတ်မှတ် မထားနိုင်သေးပါဘူး။ ဒီ နှစ်နိုင်ငံ နယ်စပ် ပူးတွဲ ကော်မတီ အစည်းအဝေးကို လွန်ခဲ့တဲ့ (၇) နှစ်က နောက်ဆုံး ကျင်းပခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဆက်လက် မဆွေးနွေးနိုင်ဘဲ ရပ်တန့် နေခဲ့ပါတယ်။
နှစ်နိုင်ငံ ဆွေးနွေးဖြစ်ရင် မဲဆောက်၊ မြဝတီအနီး သောင်ရင်းမြစ်ပေါ်က ကျွန်းမြေ ပိုင်ဆိုင်မှု ကိစ္စလည်း ဆွေးနွေးမှာ ဖြစ်သလို နယ်စပ်ကိစ္စ ဆွေးနွေးရေးနဲ့ ပတ်သက်တဲ့ သဘောတူ စာချွန်လွှာတစ်ခု လက်မှတ် ရေးထိုးနိုင်ဖို့လည်း မျှော်လင့်ကြောင်း ထိုင်းဘက်က ပြောဆိုပါတယ်။
ဒါ့အပြင် နယ်စပ်ပြဿနာနဲ့ ပတ်သက်ပြီး နယ်စပ် ကုန်သွယ်ရေးဂိတ်တွေ ပိတ်ပစ်တဲ့ကိစ္စ ရောထွေး မလုပ်ဆောင်ဖို့ ထိုင်းဘက်က ကြိုးပမ်းသွားမယ်လို့လည်း ထိုင်းအရာရှိက ပြောဆိုခဲ့ပါတယ်။