မလေးရှားနိုင်ငံတွင်း ခိုးဝင်ဖို့ကြိုးစားသူ မြန်မာ ၁၉ ဦး ထိုင်းတောင်ပိုင်းမှာ ဖမ်းမိ

ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလခရိုင်ထဲကနေ မလေးရှားနိုင်ငံထဲ ခိုးဝင်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်ကို ပြီးခဲ့တဲ့ စနေနေ့မှာ ထိုင်းရဲက ဖမ်းဆီးမိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထား ပါတယ်။
ဖျင်ကြမ်းနဲ့အုပ်ထားတဲ့ တိုရိုတာ အမိုးဖွင့်ကားတစ်စီးကို စစ်ဆေးဖို့ ရဲက အချက်ပြတာ ရပ်မပေးတဲ့အတွက် နောက်ကလိုက်ပြီး ကားဘီးကို သေနတ်နဲ့ ပစ်ဖောက်ဖမ်းဆီးခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ကားဘီးပေါက်သွားပေမယ့် ကားမောင်းသူက ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ရဲကားတစ်စီးနဲ့ တခြားကား နှစ်စီး ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ကားထဲက ထိုင်းနိုင်ငံသား ကားမောင်းသူနဲ့အတူ မြန်မာနိုင်ငံသား အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး သုံးယောက် ကိုဖမ်းဆီးရမိတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ ဖမ်းဆီးခံရသူတွေက သူတို့ဟာ ထိုင်းနိုင်ငံ ကတစ်ဆင့် မလေးရှားနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားတာဖြစ်ပြီး မလေးရှားနိုင်ငံမှာ အလုပ်လုပ်နိုင်ဖို့ ပွဲစားကို တစ်ယောက် ဘတ် နှစ်သောင်းခွဲစီ ပေးရတယ်လို့ ပြောပါတယ်။ ထိုင်းလူမျိုး ကားမောင်းသူကတော့ မြန်မာ နိုင်ငံသားတွေကို မလေးရှားနယ်စပ်ကို ပို့ပေးပြီးရင် လုပ်အားခအဖြစ် ဘတ် ငါးထောင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံသားတွေကို နိုင်ငံအတွင်းတရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲဆိုထားပြီး ထိုင်းနိုင်ငံသား ကားမောင်းသူကိုတော့ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို လက်ခံကူညီမှုနဲ့ စွဲဆိုထား ပါတယ်။