ကျားဖြန့်ကိစ္စ မြန်မာအနေနဲ့ ထိုင်းကို အပြစ်မတင်ဖို့ ထိုင်းကာကွယ်ရေးဝန်ကြီးပြော
2025.01.23

မြန်မာနိုင်ငံမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်ဂိုဏ်း) တွေ များပြားလာတဲ့အပေါ် စစ်ကောင်စီက ထိုင်းနိုင်ငံကို တစ်စိတ်တစ်ပိုင်း ပြစ်တင်ပြောဆိုတာကို ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) က ထိုင်းအစိုးရကို အပြစ်မတင်ဖို့ ပြောလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီ ၂၄ ရက် ဒီနေ့ဖော်ပြပါတယ်။
ဒီပြဿနာဟာ အားလုံး ပါဝင်ပတ်သက်နေတဲ့ ရှုပ်ထွေးတဲ့ကိစ္စတစ်ခုဖြစ်ပြီး ကျားဖြန့်ဂိုဏ်းတွေဟာ နိုင်ငံနယ်စပ်တွေကို ဖြတ်ကျော်လုပ်ကိုင်နေတာကြောင့် ထိုင်းနိုင်ငံတစ်ခုထဲရဲ့ အမှားမဟုတ်ဘူးလို့လည်း ထိုင်းဒုဝန်ကြီးချုပ်က ပြောပါတယ်။
ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် အိမ်နီးချင်းနိုင်ငံကြောင့် ခက်ခဲစေတယ်ဆိုတဲ့ ပြည်တွင်းမီဒီယာတွေမှာ စစ်ကောင်စီရဲ့ ပြောဆိုချက်တွေကို ထိုင်းဒုဝန်ကြီးချုပ်က အခုလို တုံ့ပြန်လိုက်တာလို့ ဖော်ပြပါတယ်။
ထိုင်းအစိုးရဟာ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်ဂိုဏ်း) တွေကို နှိမ်နင်းဖို့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားပေမဲ့ လတ်တလော ထိုင်းစစ်တပ်အရာရှိတွေနဲ့ စစ်ကောင်စီတို့ တွေ့ဆုံမှုမှာ ဒီကိစ္စတွေကို မဆွေးနွေးခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီအစည်းအဝေးမှာ အထွေထွေ နယ်စပ်ရေးရာကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့သာဆိုပြီး ထိုင်းဒုဝန်ကြီးချုပ်က အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားမှုမရှိဘူးလို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လက်နက်ခဲယမ်းတွေကို တစ်ဖက်နိုင်ငံကိုအခြေခံပြီး ရယူသုံးစွဲနေတယ်လို့ ထိုင်းနိုင်ငံကို အမည်မဖော်ဘဲ ထုတ်ပြန်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Liu Jinsong က မြန်မာနဲ့ ထိုင်းက သံအမတ်ကြီးတွေကို ဇန်နဝါရီ ၂၃ ရက်နေ့က ခေါ်ယူတွေ့ဆုံပြီး နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို သေသေချာချာ နှိမ်နင်းဖြိုခွင်းဖို့ ပြောထားပါတယ်။