တရားမဝင် အလုပ်သမား ၁၅ ဦး ထိုင်းရဲတပ်ဖွဲ့က လွှဲအပ်


2013.09.25

ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်လုပ်ကိုင်နေပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅ ယောက်ကို ထိုင်းနိုင်ငံက ဒုတိယရဲမှူး ဗိုလ်ချူပ်ကြီး Mr Santi Phensut ဦးဆောင်တဲ့အဖွဲ့က ဒီနေ့  မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းမြန်မာနယ်စပ် တာချီလိတ်နဲ့ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် ၁ ချစ်ကြည်ရေးတံတားမှာ ဒီမနက် ၁၁ နာရီလောက်က လာရောက်လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံနေရာအနှံ့က ဖမ်းဆီးရမိသူတွေဖြစ်တယ်လို့ တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဦးစီးမှူး ဦးဝင်းအောင်က အခုလို ပြောပါတယ်။

"သူတို့ ထိုင်းနံပါတ်က နယ်စုံတွေပါပဲဗျ၊၊ ဘာလို့တုန်းဆို ဒီက အလုပ်သမားတွေက နေ့တွက်လုပ်ကြ တယ်လေ၊ တချို့ကလည်း အလုပ်လုပ်ရင်းနဲ့ အပြင်ထွက်တဲ့အခါကြတော့ ဖမ်းတဲ့အဖွဲ့နဲ့တွေ့ရင် ဘာမှအထောက်အထား မပြနိုင်ဘူး၊ ပြနိုင်တော့လည်း သက်တမ်းလွန်နေတယ်၊ အဲ့ဒါမျိုးတွေပေါ့၊ ၁၅ ယောက်ခင်ဗျ၊ ကျနော်တို့က သူတို့ရဲ့ ကိုယ်ရေးအချက်အလက်လေးတွေ လိပ်စာလေးတွေ ဘာတွေယူတယ်ခင်ဗျာ၊  ရာဇင်ကိုယ်ရေးအကျဉ်းယူတယ်၊ ယူပြီးလို့ရှိရင် ကျနော်တို့က ထွေအုပ်ကိုလွှဲလိုက်တယ်၊  ဒီဘက်ကတော့ ဘာမှအရေးယူမှုမရှိပါဘူး၊ သူတို့ရဲ့လိပ်စာအတိုင်း ပြန်ဖို့ပဲ၊ ပညာပေးပြောဆိုပြီးတော့ ထွေအုပ်ကနေပြီးတော့ လွှတ်ပေးလိုက်တယ်"

လွှဲပြောင်းပေးအပ်ခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေထဲမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား ၁၄ ယောက်ပါဝင်ပြီး မြန်မာနိုင်ငံနေရာအနှံ့ကနေ သွားရောက်အလုပ်လုပ်ကိုင်သူတွေဖြစ်တဲ့အတွက် သူတို့အားလုံးကို နေရပ်ရင်းပြန်နိုင်ဖို့ ကူညီလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဦးဝင်းအောင်က ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းလောက်ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ခန့်မှန်ထားကြပြီး တရားဝင်ယာယီ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ပမာဏဟာ ၁၇ သိန်းလောက်သာရှိတဲ့အတွက် အခုလို တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ နယ်စပ်ဒေသတွေကို ဖမ်းဆီးပြန်ပို့ခံနေကြရတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။