ထိုင်း-မြန်မာနယ်စပ်ကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သွားကြည့်မည်
2024.04.21

ထိုင်း- မြန်မာနယ်စပ်က အခြေအနေတွေကို သိရဖို့ မဲဆောက်မြို့ကို လာမယ့် ဧပြီလ ၂၃ ရက် အင်္ဂါနေ့မှာ ကိုယ်တိုင်သွားရောက်ဖို့ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုလိုက်ပါတယ်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဖြစ်တဲ့ မြဝတီကုန်သွယ်ရေး အမှတ် (၂) တံတားမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကြည့်ရှုဖို့ ဖြစ်လာတာပါ။
နယ်စပ်တစ်လျှောက် တိုးချထားတဲ့ ထိုင်းလုံခြုံရေးတပ်တွေ ဒေသခံတွေနဲ့ တွေ့ဆုံအားပေးစကားပြောဖို့ရှိသလို လတ်တလော နယ်စပ်ကုန်သွယ်ရေးအခြေအနေတွေကိုလည်း လေ့လာသွားမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
မြန်မာဘက်ခြမ်းက တိုက်ပွဲအခြေအနေတွေကို အမြဲစောင့်ကြည့်နေပြီး၊ ထိုင်းနိုင်ငံဘက်ကို ကူးစက်လာမယ်ဆိုရင် ကိုယ်တွယ်ဖြေရှင်းနိုင်ရေး အသင့်ပြင်ထားကြဖို့ သက်ဆိုင်ရာဌာနတွေကို အမိန့်ပေးထားပြီးပြီလို့လည်း ပြောပါတယ်။
ဧပြီလ ၂ဝ ရက်နေ့က မြဝတီ ကုန်သွယ်ရေးတံတားအမှတ် (၂) တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းက ဒေသခံသုံးထောင်နီးပါးကို ထိုင်းနိုင်ငံ မဲဆောက်ဘက်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံခွင့်ပေးထားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် အကူအညီတွေ ဆက်လက်ပံ့ပိုးသွားဖို့ရှိပြီး အခြေအနေတွေ ပုံမှန်ဖြစ်လာအောင် ကြိုးစားသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောထားပါတယ်။
ဧပြီလ ၂၁ ရက် ဒီနေ့မနက် ရှစ်နာရီလောက်ကစလို့ မြဝတီအမှတ် (၂) တံတားနားမှာ နှစ်ဖက်ပစ်ခတ်တာ၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သံတွေ မကြားရတော့ဘဲ တိုက်ပွဲတွေငြိမ်သက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကြေညာပြီးနောက်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း နယ်စပ်ရောက် ဒုက္ခသည်တွေကို အကူအညီပေးထားတဲ့ ထိုင်းအစိုးရကို ကျေးဇူးတင်ကြောင်းနဲ့ NUG အနေနဲ့ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့ ဧပြီလ ၂၁ ရက် ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။