စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းလှေက ရေလုပ်သားတွေကို ထောင်ဒဏ်တွေချမှတ်
2024.12.16

မြန်မာ့ရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်လာတယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ထိုင်းငါးဖမ်းလှေပေါ်မှာ ပါလာတဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေကို စစ်ကောင်စီက ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Khaosod သတင်းဌာနက ဒီနေ့ (ဒီဇင်ဘာ ၁၆ ရက်နေ့) ဖော်ပြပါတယ်။
ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား လေးဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို တနင်္သာရီတိုင်း ကော့သောင်းခရိုင် တရားရုံးက ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံသား လေးဦးထဲက လှေပိုင်ရှင် ထိုင်းနိုင်ငံသားကို တရားမဝင် ငါးဖမ်းမှုအတွက် ထောင်ဒဏ် ငါးနှစ်၊ တရားမဝင် ဝင်ရောက်မှုအတွက် ထောင်ဒဏ် တစ်နှစ် စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့တဲ့အပြင် မြန်မာကျပ်ငွေ နှစ်သိန်းကိုလည်း ဒဏ်ငွေအနေနဲ့ ချမှတ်ခဲ့ပါတယ်။
ကျန်ရှိတဲ့ ထိုင်းနိုင်ငံသား သုံးဦးကိုတော့ တရားမဝင် ငါးဖမ်းမှုအတွက် ထောင်ဒဏ် သုံးနှစ်၊ တရားမဝင် ဝင်ရောက်မှုအတွက် ထောင်ဒဏ်တစ်နှစ် စုစုပေါင်း ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့တဲ့အပြင် မြန်မာကျပ်ငွေ သုံးသောင်းကိုလည်း ငွေဒဏ်အနေနဲ့ ချမှတ်ခဲ့ပါတယ်။
အလားတူ မြန်မာနိုင်ငံသား ၂၇ ဦးကိုလည်း တရားမဝင် ဝင်ရောက်မှုနဲ့ ထောင်ဒဏ် တစ်နှစ်စီချမှတ်လိုက်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံသားလေးဦးရဲ့ ထောင်ဒဏ်တွေဆိုင်းငံ့ထားပြီး နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လာမဲ့ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးကာလမှာ စစ်ကောင်စီက ထိုင်းနိုင်ငံသားတွေကို ထိုင်းအစိုးရကို ပြန်လွှဲပေးမယ်လို့လည်း Khaosod သတင်းဌာနက ဖော်ပြပါတယ်။ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးရဲ့ ပြစ်ဒဏ်ကိုတော့ သတင်းထဲမှာ ဖော်ပြထားတာမရှိပါဘူး။
ပြစ်ဒဏ်ချမှတ်ခံရသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
မြန်မာရေတပ် ကင်းလှည့်သင်္ဘောက ထိုင်းငါးဖမ်းစက်လှေကို ရနောင်းခရိုင် ကမ်းလွန်ပင်လယ်ပြင်မှာ နိုဝင်ဘာ ၃၀ ရက်နေ့က ပစ်ခတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းငါးဖမ်းလှေကို ပစ်ခတ်ဖမ်းဆီးခဲ့တာကို ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)က ကန့်ကွက်ကြောင်း ပြောဆိုထားပါတယ်။