ရေဘေးသင့် ခရီးသွားလုပ်ငန်းအတွက် ထိုင်းအစိုးရ နစ်နာကြေးပေးမည်
2024.09.22

ထိုင်းအစိုးရအနေနဲ့ လတ်တလော ရေဘေးဒဏ်ခံခဲ့ရတဲ့ ခရီးသွားလုပ်ငန်းအတွက် အတိုးနှုန်းသက်သာတဲ့ ချေးငွေနဲ့ အခွန်အကောက်အစီအစဉ် အပါအဝင် နစ်နာကြေး အမြန်ပေးမယ်လို့ တာဝန်ရှိသူတစ်ယောက်က ပြောကြားတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းက စက်တင်ဘာ ၂၂ ရက်နေ့က ဖော်ပြပါတယ်။
ဒီအစီအစဉ်ကို အစိုးရက ဗုဒ္ဓဟူးနေ့ကတည်းက ဆွေးနွေးနေတာလို့ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီး Sorawong ဆိုရာဝမ်က စနေနေ့က ပြောတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်း ရေဘေးသင့်ခဲ့တဲ့ အိမ်ထောင်စုတွေကိုလည်း ရေဖိုးနဲ့ မီးဖိုး တစ်လကင်းလွတ်ခွင့်ပေးတာ အပါအဝင် အစီအစဉ်အတော်များများကို အစိုးရက စီစဉ်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။
ရေဘေးကြောင့် ပျက်စီးခဲ့တာတွေကို ကဏ္ဍပေါင်းစုံက အကဲဖြတ်နေဆဲဖြစ်တာကြောင့် ခရီးသွားလုပ်ငန်းအတွက် ကူညီပေးမယ့် အစီအစဉ်ကို သီတင်းနှစ်ပတ်အတွင်း စတင်နိုင်မယ်လို့ မျှော်မှန်းထားတဲ့အကြောင်းMr. Sorawong က ပြောပါတယ်။
မဲခေါင်မြစ်ရေလျှံတာကြောင့် ရေဘေးဒဏ် အများဆုံးသင့်ခဲ့ရတဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက Nong Khai ခရိုင်ကို ဘဏ္ဍာရေး ဒု-ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ရုံး ဝန်ကြီးတို့ သွားရောက်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဒေသအတွက် အစိုးရက နစ်နာကြေး ဘတ်ငွေ သုံးဘီလီယံ ပေးဖို့ အတည်ပြုထားပြီး ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒေသခံတွေကို ဘတ်ငွေ သန်း၂ဝ ထောက်ပံ့ဖို့ လျာထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။