မြန်မာ့အရေး အလွတ်သဘောအစည်းအဝေး ထိုင်းနိုင်ငံမှာ ကျင်းပမည်

2022.12.20
မြန်မာ့အရေး အလွတ်သဘောအစည်းအဝေး ထိုင်းနိုင်ငံမှာ ကျင်းပမည် ၂ဝ၁၉ ခုနှစ် ဇွန်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ၃၄ ကြိမ်မြောက် အာဆီယံအထူးအစည်းအဝေး ကျင်းပရာနေရာတွင် စောင့်ကြပ်နေသည့် ထိုင်းရဲတပ်ဖွဲ့ဝင်များ။
AFP

မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်တဲ့ အလွတ်သဘောတိုင်ပင်ဆွေးနွေးတဲ့ အစည်းအဝေးတစ်ခုကို ထိုင်းနိုင်ငံက ဦးစီးပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို တက်ရောက်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ဖိတ်ကြားထားပါတယ်။

ဒီအစည်းအဝေးဟာ တရားဝင်အာဆီယံအစည်းအဝေးမဟုတ်ဘဲ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းအခြေအနေတွေကြောင့် ထိခိုက်မှုရှိတဲ့ နိုင်ငံတွေက တာဝန်ရှိသူတွေကို ခေါ်ယူပြီး အမြင်ချင်းဖလှယ်ဖို့ ကြိုးပမ်းတာသာဖြစ်တယ်လို့ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ထိုင်း PBS သတင်းဌာနကို ပြောပါတယ်။

အဲဒီတာဝန်ရှိသူက မြန်မာနိုင်ငံက အကျပ်အတည်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိခိုက်ခံစားရတဲ့ အိမ်နီးချင်းနိုင်ငံတချို့က ဒီအစည်းအဝေးကို တက်ရောက်ဖို့ အတည်ပြုထားကြပြီး ကျန်တဲ့ အာဆီယံနိုင်ငံတွေကတော့ မတက်ရောက်နိုင်ကြတဲ့အကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန်လွှတ်တော်ဟာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ PDF တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးအပ်ဖို့ ဥပဒေအတည်ပြုလိုက်တဲ့နောက် ထိုင်းနိုင်ငံက အိမ်နီးချင်းအာဆီယံနိုင်ငံတွေနဲ့ အစည်းအဝေးထိုင်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

အရေးပါတဲ့ အာဆီယံနိုင်ငံတစ်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံဟာ ဒေသတစ်ခုလုံးရဲ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်နိုင်မယ့် အရေးကိစ္စတွေကို ဆွေးနွေးသုံးသပ်ဖို့ လိုအပ်တယ်လို့ အဲဒီတာဝန်ရှိသူက PBS သတင်းဌာနကို ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။