ထိုင်းရောက်မြန်မာတွေ ပြည်တွင်းစစ်ဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာ
2023.05.01

ဘန်ကောက်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေက အိုးအိမ်စွန့်ခွာပြီးထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ကမ္ဘာ့အလုပ်သမားနေ့မှာ ရန်ပုံငွေရှာတဲ့ပွဲကို ဘန်ကောက်မြို့ လန်ကဖယ် ၃ဝ ABC world မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဒီပွဲမှာ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ မြို့ပြပြောက်ကျားဆိုတဲ့ ရုပ်ရှင်ကို ပြသပါတယ်။
ဒီရုပ်ရှင်ဟာ စစ်ကောင်စီရဲ့သတ်ဖြတ်တာခံလိုက်ရတဲ့ ကိုဇေယျာသော်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ရုပ်ရှင် ဖြစ်သလို နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တယ်လို့ စီစဉ်သူတွေပြောပါတယ်။
ဒီပွဲဟာ ရန်ပုံငွေရှာတဲ့ ပွဲဆိုပေမဲ့ ဝင်ကြေးက အခမဲ့ဖြစ်ပြီး ရုပ်ရှင်ကို နှစ်ကြိမ်ခွဲပြီး ပြသပါတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် ရန်ပုံငွေကို နွေဦးတော်လှန်ရေးအမှတ်တံဆိပ်ပါ တီရှပ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်တွေ၊ အိတ်တွေကို ရောင်းချနေကြတာပါ။
ရုပ်ရှင်ပြမဲ့ ပိတ်ကားရှေ့မှာ စင်ပါပါတာကြောင့် တိုင်းရင်းသားတွေရဲ့ ကမျိုးစုံလင်လည်း တင်ဆက်ပါတယ်။ ဒီပွဲဟာ ဘန်ကောက်ရောက် မြန်မာတွေ လုပ်ပိတ်ရက်မှာ စုကြတဲ့ပွဲ၊ လူစုပြီးတိုင်းပြည်အရေး ညီညီညာညာနဲ့ ဝိုင်းကြဝန်းကြတဲ့ ပွဲဆိုလည်း မမှားပါဘူး။
ဒီပွဲကို ဘန်ကောက်မှာရှိ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ အဖွဲ့ပေါင်း ၂၄ ဖွဲ့ စုပေါင်းပြီး လုပ်တဲ့ပွဲ ဖြစ်ပါတယ်လို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ကိုရှိုင်းအောင်က ပြောပါတယ်။
“ကျွန်တော်တို့ အဖွဲ့ ၂၄ ဖွဲ့ စုစည်းဆောင်ရွက်ခဲ့တာပါ။ ရည်ရွယ်ချက်က မြန်မာနိုင်ငံတွင်းက စစ်ဘေးရှောင်တွေပြီးတော့ အသက်ပေး တိုက်ခိုက်နေကြတဲ့ PDF တွေအတွက်ပါ”
တစ်ဆက်တည်း ပွဲစီစဉ်သူနောက်တစ်ဦးဖြစ်တဲ့ ကိုစိုင်းလင်းသူကလည်း ...
“ဒီပွဲလုပ်ဖို့ ဘာအခက်အခဲတွေရှိလည်းဆိုတော့ ဒီပွဲလုပ်ဖို့ အစိုးရဆီမှာ တရားဝင်ခွင့်တောင်းရတာကအစ လာရောက်ဝန်းရံတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ လုံခြုံရေးအတွက်လည်း တာဝန်ယူရပါတယ်”
ပွဲမစခင် အမျိုးသားညီညွတ်ရေးအစိုးရသမ္မတကြီး ဒူဝါလရှီးလပေးပို့တဲ့ သဝဏ်လွှာနဲ့ အလုပ်သမားဝန်ကြီးဌာနက ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားပါတယ်။ အဲ့ဒီနောက်NUG လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက အမှာစကားကို အွန်လိုင်းကတစ်ဆင့် ပြောကြားဖွင့်လှစ်ပါတယ်။ အဲဒီနောက်မှာတော့ အကပဒေသာများကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ကြရပါတယ်။

ပထမဆုံး ကရင်တိုင်းရင်းသားတွေရဲ့အက အဲ့ဒီနောက် မြန်မာအကနဲ့ မြိုင်ထနှစ်ပါးသွားပါမကျန် ကြည့်ကြရပါတယ်။ အဲ့ဒီနောက်မှာတော့ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတဲ့ “မြို့ပြပြောက်ကျား”ကို စတင်ပြသပါတယ်။ ဒီလိုပွဲမျိုးကို လာဖြစ်အောင်လာဖို့ တာဝန်ရှိလို့လာတာ ဖြစ်ပါတယ်လို့ ပွဲလာရောက်ကြည့်ရှုသူတစ်ဦးက ပြောပါတယ်။
“ဒီပွဲကိုလာရတာဟာ နွေဦးတော်လှန်ရေးကို တစ်ထောင့်တစ်နေရာက ပါဝင်နေတာဖြစ်သလို၊ ဒီရုပ်ရှင်ကားရဲ့အနှစ်သာရက ဘာလဲဆိုတာ သိချင်လို့လာတာ ဖြစ်ပါတယ်”
ဒီပွဲကိုလာရောက်သူ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားနဲ့ မိသားစုဝင်စုစုပေါင်း ၃ဝဝ ကျော်ပြီး ရောင်းချတဲ့ပစ္စည်းတွေကို ဝယ်ယူသွားကြတာ အမြတ်ငွေ ဘတ်တစ်သိန်းကျော် ရန်ပုံငွေရရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။