ထိုင်းမြေပေါ်မှာ စစ်ရေးလှုပ်ရှားခွင့်မပြုဘူးလို့ပြော
2024.04.23

မြန်မာအစိုးရကို ဆန့်ကျင်တော်လှန်တဲ့လှုပ်ရှားမှုတွေကို ထိုင်းနယ်မြေပေါ်မှာ ခွင့်ပြုမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Nikorndej Balankura က ဧပြီလ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
မြန်မာစစ်တပ်ပဲဖြစ်ဖြစ်၊ စစ်တပ်ကိုဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ ထိုင်းဘက်မှာ စစ်ရေးလှုပ်ရှားခွင့်မပြုဘူးလို့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ဖွဲ့ထားတဲ့ ထိုင်းအစိုးရ ကော်မတီ ပထမဆုံးအကြိမ် အစည်းအဝေးကို ဒီနေ့ ဘန်ကောက်မှာ ကျင်းပခဲ့ပြီး အချက်သုံးချက် သဘောတူခဲ့ကြပါတယ်။
ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ထိုင်းပြည်သူတွေကို အကာအကွယ်ပေးဖို့၊ ထိုင်းနယ်မြေပေါ်မှာ မြန်မာအစိုးရကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ခွင့်မပြုဖို့၊ ဘယ်ဘက်ကိုမှ ခွဲခြားဆက်ဆံမှုမရှိဘဲ လူ့အခွင့်အရေးစံနှုန်းစံထားတွေနဲ့အညီ ဆက်ဆံဖို့ သုံးချက်ကို သဘောတူခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူကပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက မြဝတီမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အကူအညီပေးခဲ့ပြီး၊ ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေကို ထပ်မံလက်ခံဖို့ အဆင်သင့်ပြင်ထားပြီလို့လည်း ဆိုပါတယ်။
မြန်မာ့အရေးဖြေရှင်းမယ့် တွေ့ဆုံဆွေးနွေးပွဲဖြစ်လာဖို့ ထိုင်းက ကြားဝင်ညှိနှိုင်းပေးဖို့ အသင့်ရှိနေတယ်လို့လည်း သူကပြောခဲ့ပါတယ်။ ထိုင်းအစိုးရရဲ့ အမျိုးသားလုံခြုံရေးကောင်စီက မြန်မာနယ်စပ်ကတိုက်ပွဲ အခြေအနေတွေကို မပြတ်စောင့်ကြည့်နေပြီး၊ နိုင်ငံခြားရေးဌာနက နိုင်ငံတကာနဲ့ ဆက်သွယ်ရေးကိစ္စတွေ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။