ထိုင်ဝမ်သင်္ဘောကုမ္ပဏီ မြန်မာဆိပ်ကမ်း အသုံးပြုမှု ရပ်ဆိုင်း

2022.02.10
ထိုင်ဝမ်သင်္ဘောကုမ္ပဏီ မြန်မာဆိပ်ကမ်း အသုံးပြုမှု ရပ်ဆိုင်း ရန်ကုန်မြို့တွင်းရှိ နိုင်ငံတကာ ကုန်တင်ကုန်ချ ဆိပ်ကမ်းတစ်ခုမြင်ကွင်းကို ၂ဝ၂၁ သြဂုတ်လကုန်ပိုင်းက တွေ့ရစဉ်။
Photo: RFA

ထိုင်ဝမ်နိုင်ငံက သင်္ဘောကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Evergreen ကုမ္ပဏီက သင်္ဘောတွေကို ရန်ကုန် ထီးတန်းသင်္ဘောကျင်းမှာ သင်္ဘောဒေါက်တင် ပြင်ဆင်ဖို့ ပို့ဆောင်တော့မှာ မဟုတ်ဘူးလို့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ ကုမ္ပဏီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Evergreen ကုမ္ပဏီပိုင်သင်္ဘောတွေဟာ အရင်က အခါအားလျော်စွာ စစ်ကောင်စီပိုင် ရန်ကုန်မြို့ ထီးတန်းသင်္ဘောကျင်းမှာ ဒေါက်တင်ပြီး ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုထီးတန်းဆိပ်ကမ်းကို Evergreen ကုမ္ပဏီကသင်္ဘောတွေ ဒေါက်မတင်တော့ဘူးဆိုပေမဲ့ ဘာကြောင့် အခုလို သတင်းထုတ်ပြန်တယ်။ တခြားဘယ်သင်္ဘောကျင်းကို ပြောင်းမယ်ဆိုတာတွေကို အတိအကျမထုတ်ပြန်ပါဘူး။

Burma Campaign UK က ရန်ကုန်မြို့ မှာ စစ်ကောင်စီနဲ့ ဆက်နွယ်မှုရှိတဲ့ သင်္ဘောကျင်း သုံးခုရှိတယ်လို့ ထုတ်ပြန် ခဲ့ပြီးတဲ့နောက် Evergreen ကုမ္ဗဏီရဲ့ အခုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Burma Campaign UK ဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် စစ်တပ်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ထုတ်ပြီး စစ်တပ်နဲ့တွဲ အလုပ်မလုပ်ဖို့ လှုံ့ဆော်နေတာဖြစ်ပါတယ်။ ဒီလှုံ့ဆော်ချက်ကြောင့် ၂၀၂၀ ခုနှစ်ကလည်း သင်္ဘောကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Maersk ဟာ စစ်တပ်ပိုင်သင်္ဘောကျင်းတွေကို အသုံးမပြုတော့ဘူးလို့ ကြေညာခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ဘဏ်လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့နဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။