ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ ၄ ရက်ကြာ သွားရောက်မည်
2010.09.02

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ အဆိုအရ လေးရက်ကြာ တရုတ်ပြည်ကို လာရောက်မဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခရီးစဉ်ဟာ ဘီဂျင်းမြို့ကို လာရောက်ဖို့ ရှိသလို ရှန်ဟိုင်းမှာ ဖွင့်လှစ် ပြသနေတဲ့ ကုန်စည်ပြပွဲကိုလည်း လာရောက်ကြည့်ရှုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးနောက် အပြန်အလှန်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ပြည် ချစ်ကြည်ရေး ခရီးထွက်ဖို့ ပေါ်ထွက် လာတာပါ။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်မြန်မာနယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကတော့ ပြည်တွင်းမှာ လက်ရှိ ဆောင်ရွက်နေတဲ့ အပြောင်းအလဲတွေကို တရုတ်ခေါင်းဆောင်တွေကို ရှင်းပြဖို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနဲ့ စီးပွားရေးအပြင် နိုင်ငံရေးအရ အပြန်အလှန် ရင်းရင်းနှီးနှီး ဆက်ဆံနေတဲ့ နိုင်ငံဖြစ်ပေမဲ့ အနောက်နိုင်ငံတွေကတော့ မြန်မာနိုင်ငံက ညံ့ဖျင်းတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် ဝေဖန်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ တတိယအများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ၂၀၀၉ခုနှစ်က အပြန်အလှန် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃ ဘီလျံနီးပါး ရှိပါတယ်။ ၂၀၁၀ ဇန်နဝါရီလအထိ တရုတ် ရင်းနှီးမြှုပ်နှံမှုဟာ ၂ ဘီလျံဒေါ်လာ နီးပါး ရှိပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ ၁၂ ရာခိုင်နှုန်းနီးပါး ဖြစ်ပါတယ်။