မကရင်မအမှုကို ဥပဒေဆိုင်ရာအထောက်အကူအဖွဲ့က ကူညီမည်


2018.06.07
union-aegal-aids-office-622.JPG ရှေ့နေ ဦးဉာဏ်ဝင်း ဦးဆောင်တဲ့ ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ရုံးဖွင့်ပွဲကို နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ်မှာ ၂ဝ၁၈ ခုနှစ် မေလ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်က တပ်မတော်အရာရှိ တစ်ဦးရဲ့ နေအိမ်မှာ အိမ်ဖော်လုပ်ရင်း သေဆုံးသွားခဲ့ရတဲ့ မကရင်မ (ခေါ်) မခင်သန္တာဦးရဲ့အမှုအတွက် NLD ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့က ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုကော်မတီအဖွ့ဲရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အကူညီပေး မှာဖြစ်တယ်လို့ အဲဒီကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။

"ကျနော်တို့ အစည်းအဝေးဆုံးဖြတ်ချက် ချထားပါတယ်၊ အကူအညီပေးဖို့အတွက်လေ၊ ပြည်ထောင်စု ဥပဒေကော်မတီအဖွဲ့ထဲက အဖွဲ့ဝင်ပေါ့၊ ဦးကျော်စိုးဗိုလ်ကနေ ကြီးကြပ်ပြီးတော့ တွံတေးက အခမဲ့ ရှေ့နေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေနဲ့အတူ ဆောင်ရွက်ပေးဖို့ စီစဉ်နေပါတယ်"

မကရင်မ (ခေါ်) မခင်သန္တာဦးဟာ တွံတေးမြို့နယ် ခတ္တိယကျေးရွာအုပ်စု အုတ်ဖိုရွာမှာနေထိုင်သူဖြစ်ပြီး လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်းက ဗိုလ်မှူးတစ်ဦးရဲ့နေအိမ်မှာ လွန်ခဲ့တဲ့ ၆ လ လောက်က အိမ်ဖော်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီ ဗိုလ်မှူးရဲ့ဇနီးဖြစ်သူ ဥပဒေအရာရှိတစ်ဦးလည်းဖြစ်တဲ့ ဒေါ်သိင်္ဂီစု ဆိုသူက ဆွဲကြိုးပျောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မကရင်မကို ရိုက်နှက်နှိပ်စက်ရာကနေ လက်လွန်ပြီး နေမကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မကရင်မကို သူရဲ့နေအိမ်ကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ပြန်ပို့ပေးခဲ့ပါတယ်။

မကရင်မဟာ နေအိမ်ရောက်တဲ့အခါမှာ သူ့ကို ကျောက်ပျဉ်နဲ့ ထုရိုက်နှက် နှိပ်စက်တာတွေ ခံခဲ့ရတဲ့အတွက် ဆေးရုံကိုပို့ပေးပါလို့ အိမ်နီးနားချင်းတွေကို အကူအညီတောင်းပြီး သေဆုံးသွားခဲ့ပါတယ်။

မကရင်မကို အိမ်လိုက်ပို့ပေးတဲ့ ဒေါ်သိဂီၤစုကို အဲဒီနေ့က ထန်းတပင်မြို့ဝင်ဂိတ်မှာ ဖမ်းဆီးထားနိုင်ခဲ့ပြီး လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။

ပြည်ထောင်စု ဥပဒေအထောက်အကူပြုကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ရှေ့နေ ဦးဉာဏ်ဝင်းက ဦးဆောင်ကာ ဆင်းရဲနွမ်းပါးသူတွေကို ကူညီပေးဖို့အတွက် ပြီးခဲ့တဲ့မေလ ၁၁ ရက်နေ့က ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။