သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် လေကြောင်းသုံးတိုက်ခိုက်

RFA Burmese
2024.04.16
သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် လေကြောင်းသုံးတိုက်ခိုက် ရခိုင်ပြည်နယ်၊ သံတွဲမြို့အဝင်ကို ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဥ်။
RFA

ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတွေအထိ ကျယ်ပြန့်လာနေပြီး သံတွဲမြို့နယ်မှာ ဧပြီလ ၁၅ ရက် မနေ့နေ့လယ်က စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် ဂျက်တိုက် လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်က သံတွဲမြို့ရဲ့ မြောက်ဘက် ကိုးမိုင်လောက်အကွာ ပြင်ယောင်းကျေးရွာ အနောက်ဘက် တောင်တန်းတွေနဲ့ ငါးမိုင်လမ်းဘက်တွေကို မနေ့က လာရောက်ဗုံးကြဲသွားတာလို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သံတွဲမြို့နယ်တွင်းမှာ မနေ့ကစပြီး ဗုံးကြဲတာပေါ့။ အရင်ကတော့ သံတွဲ-တောင်ကုတ်အစပ် တောင်ကုတ် အပိုင်ထဲမှာ ကြဲတာပါ။ အခုက သံတွဲမြို့နယ်တွင်းမှာ ပထမဆုံးပဲ။ တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်တိုက် လေယာဉ်နှစ်စင်းနဲ့ သုံးကြိမ် လာကြဲသွားတာ”

မနေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

လက်ရှိမှာတော့ ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြရပြီး တချို့လည်း ထွက်ပြေးနေကြတာရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ သံတွဲမြို့ကို ရက္ခိုင့်တပ်တော် (AA) က ဝင်တိုက်မှာကို စိုးရိမ်တာကြောင့် AA ရှိနိုင်တဲ့နေရာတွေကို အခုလို ဂျက်လေယာဉ်နဲ့လာပြီး ဗုံးကြဲတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။

အခုလို သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတယ်ဆိုတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ် လူမှုစာမျက်နှာတွေမှာတော့ ဧပြီလ ၁၃ ရက်နေ့က သံတွဲမြို့နယ် ဂွေးချောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ အေအေ အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA တပ်သား ခုနစ်ဦးရဲ့ အလောင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားတာ အချိန်ငါးလကျော်ရှိသွားပါပြီ။ ဒီတစ်ကျော့ပြန်တိုက်ပွဲအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့မြို့နယ် ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။