သိမ်းဆည်းခံမြေယာအရေး ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆို
2018.04.02

ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေတလျှောက်က သိမ်းဆည်းခံထားရတဲ့ မြေယာတွေအရေးကို ဖြေရှင်းပေးဖို့ ဒေသခံ ၂၀၀ လောက်က သံတွဲမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
သိမ်းဆည်းခံရတဲ့မြေယာတွေကို မူလတောင်သူတွေထံ ပြန်လည်ပေးအပ်စေချင်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်ပြု လုပ်တဲ့ သံတွဲခရိုင် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးညီလေး က ပြောပါတယ်။
"ငပလီကမ်းခြေမြို့ရဲ့ ၁ဝ မိုင်လောက် အတောအတွင်းမှာ သိမ်းဆည်းထားတဲ့မြေဧက ၂ဝဝ ဝန်းကျင်လောက် ရှိပါတယ်၊ အဲဒါတွေကို ပြန်လည်စိစစ်ပြီးတော့ တကယ်လုပ်ကိုင်တဲ့ တောင်သူတွေကို ပိုင်ရှင်အဖြစ် ပြန်လည်ပေး အပ်စေချင်တယ်၊ ပေးအပ်တဲ့အချိန်မှာ ဌာနပိုင်းဆိုင်ရာတွေက တရားဝင်ပေးအပ်ပွဲတွေလုပ်ပြီးတေ့ာ ပိုင်ဆိုင်မှု အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြန်လည်ပေးအပ်စေချင်ပါတယ်"
ငပလီကမ်းခြေတစ်လျှောက်မှာ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်စားသောက်လာခဲ့ကြတဲ့ ဒေသခံတွေရဲ့ မြေယာတွေကို စီးပွားရေးသမားတွေနဲ့ တပ်မတော်အရာရှိတွေရဲ့မိသားစုတွေက မြေလွတ်မြေရိုင်းအသွင်နဲ့ ပိုင်ဆိုင်မှု ရရှိနေကြ တာဖြစ်တယ်လို့ ဦးညီလေး က ပြောပါတယ်။
မူလတောင်သူတွေဟာ ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာအတိုင်း လုပ်ကိုင်စားသောက်လာကြတာဖြစ်ပြီး အစိုးရ ဌာနတွေကထုတ်ပေးတဲ့ အထောက်အထားတွေမရှိကြတာကြောင့် ပိုင်ဆိုင်မှု ဆုံးရှုံးနေကြတာဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်က တပ်မတော် အရာရှိတစ်ဦးရဲ့ဇနီးက သူပိုင်ဆိုင်ခွင့်ရရှိထားတဲ့မြေပေါ်မှာ ကျူးကျော်တယ်ဆိုပြီး အဲဒီမြေပေါ်က ဦးကျော်စိုးဆိုတဲ့ မူလတောင်သူတစ်ဦးကို တရားစွဲဆိုခဲ့တာကြောင့် သံတွဲမြို့နယ်တရားရုံးက မူလတောင်သူ ဦးကျော်စိုးကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ထောင်ဒဏ် ၂ လ အမိန့်ချမှတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
တရားရေးဝန်ထမ်းတွေအနေနဲ့ တရားဥပဒေနဲ့အညီ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန်ဆုံးဖြတ်ဖို့၊ ပိုင်နက်ကျူးလွန် တယ်ဆိုပြီး မတရားထောင်ချခံနေရတဲ့ တောင်သူ ဦးကျော်စိုး အမှုကိုပြန်လည်သုံးသပ်ပေးဖို့ စတဲ့အချက်တွေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။