အသိမ်းခံလယ်မြေများ ပြန်ရရေး သံတွဲမှာ အစာငတ်ခံဆန္ဒပြ


2013.09.07
solo-protest-thanwe-305.jpg သိမ်းထားတဲ့ လယ်ယာမြေပြန်ပေးဖို့ သြဂုတ်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ တစ်ကိုယ်တော်ဆန္ဒပြနေသော ကိုစိုးဝေ ကိုတွေ့ရစဉ်
photo: RFA/ Min Thein Aung

မြန်မာနိုင်ငံ ဒေသအသီးသီးမှာ စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး သုံးကြိမ်တိုင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့တဲ့ အတွက် တရားမဝင်စီတန်းလည့်လည်ဆိုင်ရာ ပုဒ်မ-၁၈ နဲ့ တရားစွဲဆိုခံထားရတဲ့ သံတွဲမြို့ခံ ကိုစိုးဝေဟာ သံတွဲအကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေတာ ၅ ရက်ရှိနေပြီလို့ မိသားစုဝင်တွေက ဒီနေ့ ပြောပါတယ်။

အာဏာပိုင်တွေဘက်က ကိုစိုးဝေကို ဖမ်းဆီးအရေးယူတာဟာ တရားမျှတမှုမရှိဘူးလို့ ယူဆတဲ့အတွက် အခုလို အစာငတ်ခံဆန္ဒပြနေ တာဖြစ်လို့ ဒီနေ့ ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ကိုစိုးဝေရဲ့မိခင် ဒေါ်အောင်ကြည် က RFA ကို ပြောပါတယ်။

မှန်တာပြောတာကို သူ့ကိုဘာလို့အဲလိုချုပ်ရသလဲဆိုပြီးတော့ အစာမစားဘူး၊ အန်တီအနေနဲ့ကတော့ ကျန်းမာရေး စိုးရိမ်တာပေါ့နော်၊ မတရားသဖြင့် ပြစ်မှုကျူးလွန်တာ မဟုတ်တဲ့သူကို ဘာဖြစ်လို့မတရားသဖြင့် အခုလိုချုပ်ရသလဲ၊ ရဲစခန်းမှာလည်း တခါထမင်းမကျွေးဘူး၊ ဒီလိုဘာဖြစ်လို့ မတရားသဖြင့်လုပ်ရတာလဲလို့ အဲဒါအန်တီကတော့ အများကြီးခံစားရတာပေါ့နော်”

ကိုစိုးဝေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က သုံးကြိမ်မြောက်အဖြစ် စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပြန်လည်ရရှိဖို့ သံတွဲလေဆိပ်အနီးမှာ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ရာမှာ ရဲစခန်းမှာ အာမခံမပေးဘဲ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုစိုးဝေကို ပြီခဲ့တဲ့ သြဂုတ်လ ၈ ရက်နဲ့ ၂၃ ရက်နေ့တွေကလည်း တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။