သံတွဲမှာ လက်နက်ကြီးကြောင့် သုံးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

RFA Burmese
2024.06.21
သံတွဲမှာ လက်နက်ကြီးကြောင့် သုံးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေလှေရွာကို လက်နက်ကြီးနှင့်ပစ်ခတ်တာကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ဝ ရက်နေ့က တွေ့ရစဉ်။
Dwayarwad Community Base News Agency

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၀ ရက်နေ့ညပိုင်းက ဆင်ခေါင်းရွာနဲ့ ဆင်ကျပ်ရွာနားမှာ ရပ်ထားတဲ့ စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဆင်ခေါင်းရွာက စစ်ဘေးလာရှောင်တဲ့ အမျိုးသမီး သုံးဦးသေဆုံးခဲ့ပြီး ရွှေလှေရွာက နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိပ်ချိန်မှာ လာကျတာပေါ့၊ သေသွားတဲ့ အမျိုးသမီးသုံးဦးက ဆင်ခေါင်းရွာကနေ စစ်ဘေးလာရှောင်နေကြတာပါ၊ ဒဏ်ရာရတဲ့ နှစ်ယောက်ကတော့ ရွှေလှေရွာကပါ”

ဇွန်လ ၂၁ ရက်နေ့ကလည်း ရွှေလှေတိုက်နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေရှိပြီး အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ဇွန်လ ၄ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၁၀ ရက် ညနေမှာ သတင်းထုတ်ပြန်ပါတယ်။

သံတွဲမြို့နယ်မှာ ဧပြီလ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။