ဒေါင်းတို့မျိုးဆက် မိဘတွေကို ခေါ်ယူစစ်ဆေး
2019.04.19

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ကိုဒီရေ (ခေါ်) ကိုပိုင်ဖြိုးမင်းနဲ့ ကိုဖိုးသား (ခေါ်) ကိုဇော်လင်းထွတ်တို့ရဲ့ မိဘတွေကို သက်ဆိုင်ရာ မြို့နယ်ရဲအရာရှိတွေက သောကြာနေ့မှာ အကြိမ်ကြိမ် လာရောက်တွေ့ဆုံမေးမြန်းပြီး၊ သူတို့သားဖြစ်သူတွေကို ပုဒ်မ ၅ဝ၅ နဲ့ တပ်မတော်က အမှုဖွင့်ထားတဲ့အတွက် ရဲစခန်းကို လာရောက်ကြဖို့နဲ့၊ အဲဒီလို လာရောက်ရင် အာမခံပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ကိုဒီရေ (ခေါ်) ကိုပိုင်ဖြိုးမင်းက သူ့ဖခင်ကို မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းအရာရှိတွေက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သုံးကြိမ်ခေါ်ယူကာ မေးမြန်းစစ်ဆေးကြောင်းနဲ့၊ မနေ့ည ၁၁ နာရီခန့်မှာ နောက်ဆုံးအကြိမ် မေးမြန်းပြီး ပြန်လွှတ်လိုက်ကြောင်း ပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်တဲ့ ကိုဖိုးသား (ခေါ်) ကိုဇော်လင်းထွတ်က သူ့မိဘတွေကိုလည်း ရဲအရာရှိတွေက အလားတူလာရောက် ပြောဆိုကြောင်းနဲ့၊ သူတို့နေအိမ်ရှေ့မှာ ဒီသတင်းရေးတဲ့ မနေ့ညနက်ပိုင်းအထိ ရဲတွေ လာရောက်စောင့်ဆိုင်းနေကြောင်း RFA ကို ပြောပါတယ်။
သောကြာနေ့ မနေ့မနက်ပိုင်းက ဖမ်းဆီးသွားပြီးနောက် သိန်းတစ်ရာ အာမခံသူ ၂ ဦးကြောင့် ပြန်လွတ်လာတဲ့ မကေခိုင်ထွန်းက သူမကို မနေ့က အာမခံပေးလိုက်ပေမယ့် သူတို့တဖွဲ့လုံးကို လာမယ့် ၂၂ ရက်နေ့ တရားရုံးချိန်းရှိတဲ့နေ့မှာ ဖမ်းဆီးပြီး အာမခံမပေးဘဲ အကျဉ်းထောင်ပို့မယ်လို့ ယူဆကြောင်း ပြောပါတယ်။
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် တို့ကလည်း အလားတူ ထင်မြင်ကြောင်း ပြောဆိုကြပါတယ်။
ကိုဇေယျာလွင်က သူတု့ိအဖွဲ့အနေနဲ့ သက်ဆိုင်ရာရဲစခန်းတွေကို သွားရောက်မှာမဟုတ်ဘဲ လာမယ့် ၂၂ ရက်နေ့ ရုံးချိန်းမှာတော့ မရမ်းကုန်းမြို့နယ်တရားရုံးကို သွားရောက်ပြီး ရင်ဆိုင်ဖြေရှင်းမယ်လို့ RFA ကို ပြောပါတယ်။