ပြည်နယ်အမတ်ကို ပုဒ်မ ၆၆(ဃ)နဲ့ ဖမ်းဆီးစစ်ဆေးခွင့်ပြုဖို့ တင်ပြ


2018.06.04
thanmaungoo-622.jpg ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)နဲ့ အရေးယူဖို့ အမှုဖွင့်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခွင့်ပြုဖို့ ပြည်နယ်အစိုးရက ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ လွှတ်တော်အစည်းအဝေး ကျင်းပနေဆဲဖြစ်တာကြောင့် အစိုးရရဲ့ တင်ပြချက်ကို ခွင့်မပြုသေးဘူးလို့ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြသန်းက ဒီနေ့ပြောပါတယ်။

"အဲဒီတရားစွဲဆိုထားမှုအပေါ်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သူ့အပေါ် ဖမ်းဆီးစစ်ဆေးဖို့အတွက် လွှတ်တော် ဥက္ကဋ္ဌဆီမှာ ခွင့်ပြုချက်တောင်းခံထားပါတယ်၊ အခုလောလောဆယ် အစည်းအဝေးကျင်းပနေတဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့် ခွင့်မပြုသေးပါဘူးခင်ဗျာ၊ ဒီအစည်းအဝေးပြီးမှပဲ သူ့ကိုခွင့်ပေးရမှာဖြစ်ပါတယ်"

လွှတ်တော်ဆိုင်ရာဥပဒေတွေအရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးဖို့ တင်ပြလာလို့ရှိရင် လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုရမှာဖြစ်ပါတယ်။ လက်ရှိ လွှတ်တော်အစည်းအဝေး ကျင်းပနေဆဲ ကာလဖြစ်တဲ့အတွက် အစည်းအဝေးကာလ ပြီးဆုံးချိန်မှာ ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့လည်းပြောပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို သူ့ရဲ့ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာ တွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက တရားလိုပြုလုပ်ပြီး စစ်တွေမြို့ အမှတ်(၁)၊ မြို့မရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်တာပါ။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ရခိုင်ပြည်နယ်ဟာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အနိမ့်ကျဆုံးနဲ့ အုပ်ချုပ်ရေး ယန္တရား ဖရိုဖရဲအရှိဆုံး၊ ပြည်နယ်အစိုးရအဖွဲ့ကို ပြည်သူတွေမကြိုက်ဆုံး၊ လမ်းတွေ မကောင်းဆုံးဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါဟာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စသာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်လွှတ်တော်အနေ နဲ့ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့လည်း ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းကပြောပါတယ်။

အမှုဖွင့်ခံထားရတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက သူ့အနေနဲ့ အမှန်အတိုင်းရေးသား ခဲ့တာဖြစ်သလို အာဏာရှင်ဆန်တဲ့လုပ်ရပ်တွေနဲ့ ကြုံတွေ့လာရမယ်ဆိုတာ မျှော်လင့်ပြီးသားဖြစ်တဲ့အတွက် ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ ဒီနေ့ သတင်းထောက်တွေကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။