ထန်တလန်ဖြစ်ရပ်အတွက် စစ်ကောင်စီကို အမေရိကန် ရှုတ်ချ

2021.11.01
ထန်တလန်ဖြစ်ရပ်အတွက် စစ်ကောင်စီကို အမေရိကန် ရှုတ်ချ စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ထန်တလန်မြို့က နေအိမ်တွေကို ၂၀၂၁၊ အောက်တိုဘာ ၂၀ ရက်နေ့က တွေ့ရစဥ်
Photo: CNJ

ချင်းပြည်နယ် ထန်တလန်မြို့မှာ စနေနေ့က စစ်ကောင်စီတပ်တွေက အိမ်တွေကိုတိုက်ခိုက် မီးရှို့တဲ့ လုပ်ရပ် အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က အောက်တိုဘာလ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ချင်းပြည်နယ်မှာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် လူနေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အစီရင်ခံစာတွေရရှိတဲ့အတွက် အထူးစိုးရိမ် ပူပန်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကို လက်နက်လွှဲပြောင်း ပေးနေတာတွေရပ်ဖို့ အပါအဝင်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ်တဲ့ အရေးယူမှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက အရေး တကြီး ဆောင်ရွက်ဖို့လိုနေပြီဆိုတဲ့အကြောင်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံအနှံ့နေရာအများအပြားမှာ စစ်တပ်က စစ်ဆင်ရေးလုပ်နေတဲ့အပေါ် မိမိတို့အနေနဲ့ အထူးစိုးရိမ်ပူပန်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူအားလုံး ချက်ချင်းလွှတ်ဖို့နဲ့ ဒီမိုကရေစီ အမြန်ပြန်ဖော်ဆောင်ဖို့ တောင်းဆိုလိုက်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေကို ဆန့်ကျင်ပြီး ဆောင်ရွက်ခဲ့တဲ့၊ ဆောင်ရွက်နေတဲ့ အာဏာပိုင်အဖွဲ့ရဲ့ ကြောက်ရွံ့တုန်လှုပ် စရာကောင်းတဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ယူမှုရှိလာအောင်လည်း ဆက်ပြီးတွန်းအားပေးသွားမယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကြိုးပမ်းမှုကို ဆက်လက်အားပေး ထောက်ခံသွားမယ်လို့လည်း ကြေညာလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။