အစိုးရသစ်မှာ သမ္မတဦးသိန်းစိန် ဆက်လက်တာဝန်ယူနိုင် ဖို့ ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်
2015.10.16

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လာမယ့် အစိုးရသစ်သက်တမ်းအတွင်းမှာ သမ္မတအဖြစ် ဆက်လက်တာဝန်ယူနိုင်ဖို့ အတွက် ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေကို မဲပေးကြဖို့ မွန်ပြည်နယ် သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဇော်က ဒီနေ့ မဲဆွယ်ပွဲမှာ ပြောလိုက် ပါတယ်။
သထုံမြို့နယ် လိပ်အင်းရပ်ကွက် လေယာဉ်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေ ဟောပြောပွဲအတွင်း အခုလိုပြောခဲ့တာဖြစ်ပါတယ်။
"ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဥက္ကဌကြီးလည်းဖြစ် နိုင်ငံတော်သမ္မတကြီးလည်းဖြစ်တဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရကြောင့် ပြုပြင်ပြောင်းလဲလာတဲ့ မြန်မာပြည်ကို သမ္မတကြီး ဦးသိန်းစိန် နဲ့ပဲ ရှေ့ဆက်သွားရအောင် ကျနော်တို့ပါတီကို နိုင်ငံတာဝန်များ ယုံကြည်စွာအပ်နှံလိုက်ပါ၊ ဦးသိန်းစိန် သမ္မတ ဆက်ဖြစ်ဖို့က ပြည်ဖြိုးပါတီနိုင်မှဖြစ်မှာပါ၊ အဲဒီတော့ သမ္မတကြီး ဦးသိန်းစိန်ကို လိုလား ရင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးကြပါ”
မဲဆွယ်ပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဟောင်း ဦးဌေးမြင့်အောင်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသက်နိုင်ဝင်း၊ ဗမာ၊ ပအိုဝ်း၊ ကရင် စတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နန်းခင်မျိုးမင်း၊ ဦးသက်ဝင်းနဲ့ စောအောင်ကျော် သိန်း တို့ တက်ရောက်ခဲ့ပါတယ်။
အဲဒီမဲဆွယ်ပွဲကို ဒေသခံ တစ်ထောင် နီးပါး တက်ရောက်ခဲ့ကြပါတယ်။
သထုံမြို့နယ်မှာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနဲ့ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီတို့အပြင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားတာ နားဆင်နိုင်ပါတယ်။