သထုံမှာ လက်နက်ကြီးကြောင့် ကလေးနှစ်ဦး သေဆုံး

RFA Burmese
2023.03.08
သထုံမှာ လက်နက်ကြီးကြောင့် ကလေးနှစ်ဦး သေဆုံး မွန်ပြည်နယ်၊ သထုံမြို့အဝင်တစ်နေရာအား တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ် သထုံမြိုနယ်၊ ကျုံမိန်ရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည် ထိမှန်ပြီး မတ်လ ၈ ရက် ဒီကနေ့မနက်ပိုင်းက ကလေးနှစ်ဦး သေဆုံးကာ အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သထုံမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

မတ်လ ၈ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ-၂၄ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကျုံမိန်ရွာကို ကျရောက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"၁၀ နှစ် ကလေးတစ်ယောက်နဲ့ ၁၂ နှစ် ကလေးပါတယ်။ ကလေးနှစ်ဦးပေါ့နော်။ လူကြီးက နှစ်ဦး ထိတယ်လို့ သိရပါတယ်ဗျ။ ခြေလျင်တပ်ရင်း ခလရ  ၂၄ က လက်နက်ကြီးပစ်တာပါ။ သူတို့က ရမ်းပစ်တဲ့ သဘောမျိုးပဲဗျ"

အသက် ၁၀ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့တာပါ။

နောက်ထပ်ဒဏ်ရာရသူနှစ်ဦးကလည်း စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ အမည်နဲ့ အသေးစိတ်အချက်အလက် တွေကိုတော့ မသိရသေးပါဘူး။

မတ်လ ၈ ရက်နေ့ မနက်မှာပဲ ခလရ -၂၄ တပ်အပေါ်မှာ ဒရုန်းပျံဝဲပြီးနောက် အဲဒီကနေ လက်နက်ကြီးနဲ့ ပြန်ပစ်ခတ်လာတာလို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးတိုးဝင်းကတော့ ဒီဖြစ်စဉ်ကို သူမသိသေးဘူးလို့ ပြောပါတယ်။

မတ်လ ၁ ရက်ကလည်း စစ်ကောင်စီရဲ့ ခလရ ၂၄ တပ်ကို ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီနောက် မှာ ကျုံမိန်ရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။