AA နဲ့ ဆက်သွယ်မှုနဲ့ဖမ်းဆီးထားတဲ့ သရက်တပင်ရွာသား တရားရှင်လွတ်


2019.07.13
kyauktaw-622.jpg ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)၊ (၂) နဲ့ တပ်မ တော်က တရားစွဲဆိုထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာသား တစ်ဦးကို ကျောက်တော်မြို့နယ် တရားရုံးက လုံလောက်တဲ့ သက်သေမရှိဘူးဆိုပြီး အခုလ ၁၁ ရက်နေ့က အမှုကို စွဲချက်မတင်ဘဲ တရားရှင်လွှတ်ပေးလိုက်ပါတယ်။

ကိုချမ်းအေးနဲ့ ကိုအေးကျော်သန်း ဆိုသူနှစ်ဦးကို ပြီးခဲ့တဲ့ မတ်လက တပ်မတော်က ဗိုလ်ကြီး ကောင်းမြတ်သူက တရားလိုလုပ် တရားစွဲခဲ့တာပါ။

သူတို့နှစ်ဦးထဲက ကိုချမ်းအေးကို တရားရုံးက တရားရှင်လွှတ်ပေးလိုက်တာဖြစ်ပြီး ကိုအေးကျော်သန်းကိုတော့ ၁၇ (၁) နဲ့ စွဲချက်တင်လိုက်တယ်လို့ သူတို့နှစ်ဦးအမှုကို လိုက်ပါဆောင်ရွက် ပေးနေတဲ့ အထက်တန်းရှေ့နေ ဦးထွန်းလှ ကပြောပါတယ်။

ကိုအေးကျော်သန်းဟာ သူရဲ့အသိမိတ်ဆွေတွေကို sms က တဆင့် ရွာနားမှာ AA နဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဖြစ်နေတယ်ဆိုတဲ့ message ပေးပို့ခဲ့တာရှိတဲ့အတွက် ၁၇ (၁) နဲ့ စွဲချက်တင်ခံရတာလို့ ရှေ့နေ ဦးထွန်းလှ ကပြောပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲကာလအတွင်း AA ဘက်က သေဆုံးသွားခဲ့တဲ့ တပ်ဖွဲ့ဝင် တစ်ဦးရဲ့ အိပ်ကပ်ထဲမှာ သူတို့ဖုန်းနံပါတ်တွေပါခဲ့တာကို တပ်မတော်က တွေ့ရှိခဲ့တဲ့အတွက် စစ်ဆေးပြီး အမှုဖွင့်ခဲ့တာလို့ သိရကြောင်းလည်း ရှေ့နေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုလဆန်းပိုင်းအထိ နှစ်ဘက်တိုက်ပွဲတွေအတွင်း တပ်မတော်က AA အဖွဲ့ဝင်လို့ သံသယရှိသူ ၉၀ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာရှိပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူက ရှစ်ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦး၊ ပြစ်ဒဏ် ချမှတ်ပြီးသူ သုံးဦးရှိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။