ဗဟန်းက ကာရာအိုကေဆိုင်နဲ့ ဓာတ်ဆီဆိုင် ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်က The One Entertainment KTV (ကာရာအိုကေဆိုင်)နဲ့ အရှေ့မြင်းပြိုင်ကွင်းက မြတ်မေတ္တာမွန်ဆီဆိုင်ကို ဒီနေ့ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဗဟန်းပြောက်ကျားတပ်ဖွဲ့ (B-PDF) က ထုတ်ပြန်ပါတယ်။ ဒီဆိုင်တွေဟာ စစ်ကောင်စီရဲ့ ထောက်တိုင်တွေ ဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြတ်မေတ္တာမွန် ဆီဆိုင်ပိုင်ရှင် ဒေါက်တာဝင်းမြင့်က... ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ပြောပါတယ်။
စွပ်စွဲခံထားရသလို စစ်ကောင်စီအတွက် သူ့ဆိုင်ကနေ လေယာဉ်ဆီ တင်သွင်းပေးနေတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။
"ကျွန်တော်တို့တွေက သမိုင်းကြောင်းမှာတော့ မကောင်းတာ မလုပ်ခဲ့ဖူးပါဘူး။ အခွင့်ထူးခံလည်း မရှိဘူး။ လေယာဉ်ဆီ ဘာညာလည်း လုပ်တာမဟုတ်ဘဲနဲ့။ လေယာဉ်ဆီမလုပ်ဘဲ လုပ်တယ်လို့ပြောတော့လည်း ဘယ်လိုပြောရမလဲ။ ဘာမှတော့ မထူးပါဘူး" လို့ ပြောပါတယ်။
ကာရာအိုကေဆိုင် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့မှာ မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းက Denko ဆီဆိုင်၊ မတ်လ ၂၆ ရက်နေ့မှာလည်း လှိုင်နဲ့ ထောက်ကြံ့မြို့နယ်က မြတ်မေတ္တာမွန် ဆီဆိုင်တွေကို Special Task Agency of Burma - STA ဆိုတဲ့ ပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ဖူးပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ မြတ်မေတ္တာမွန် အပါအဝင် Asia Sun Energy နဲ့ Yangon Aerodrome စတဲ့ ကုမ္ပဏီတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမည်ပျက်စာရင်းသွင်းထားပါတယ်။
စင်ကာပူ အခြေစိုက် Puma Energy ကုမ္ပဏီနဲ့ မြန်မာ့ရေနံဓာတုလုပ်ငန်းနဲ့ ဖက်စပ်လုပ်နေတဲ့ National Energy Puma Aviation Services Co Ltd. (NEPAS) ကနေ အာဏာမသိမ်းခင်အချိန်ထိ မြန်မာနိုင်ငံအတွက် လေယာဉ်ဆီ တင်သွင်းခဲ့တာဖြစ်ပါတယ်။
Asia Sun Energy ကတော့ PUMA Energy ရဲ့ ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်ပြီး Yangon Aerodrome ကတော့ ရန်ကုန်လေဆိပ်ကို တာဝန်ယူလုပ်ကိုင်နေတဲ့ Asia World လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။