The Voice အယ်ဒီတာချုပ် နဲ့ ဆောင်းပါးရှင်ကို ပုဒ်မ ၂၅ နဲ့ ထပ်တိုးတရားစွဲ


2017.07.21
the-voice-620.jpg The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် တို့ကို ဇွန်လ ၁၆ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးကို ခေါ်ဆောင်လာစဉ်
Photo: RFA

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် တို့ကို တပ်မတော်က သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်။

အဲဒီလို တရားစွဲဆိုတာကို ဒီကနေ့ ဗဟန်းတရားရုံးက ပြောကြားခဲ့ကြောင်းနဲ့ မီဒီယာသမားတွေကို ဆက်သွယ်ရေး ဥပဒေမသုံးဘဲ အခုလို မီဒီယာဥပဒေနဲ့ပဲ တရားစွဲစေချင်ကြောင်း ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင် က ပြောပါတယ်။

"စွဲထားတယ်ဆိုတာသိတယ်၊ သမ္မာန်စာတော့ ကျနော့်လက်ထဲကို မရောက်သေးဘူး၊ ကျနော်တို့ မီဒီယာ သမားတွေ၊ စာရေးဆရာတွေကိုပေါ့ စာနယ်ဇင်းတွေကိုစွဲရင် ၂၅(ခ)နဲ့ အဲလိုမျိုး မီဒီယာပုဒ်မရှိပြီး သားဖြစ်တဲ့အတွက် မီဒီယာပုဒ်မနဲ့ပဲ စွဲစေချင်တယ်၊ ဒါနဲ့စွဲရင်တော့ ဘာမှမပြောလိုဘူး၊ ဒါပေမဲ့ ၆၆(ဃ)လိုမျိုး ကျနော် လက်သင့်မခံတဲ့ဥပဒေနဲ့ စွဲတာကိုတော့ ကျနော့်အနေနဲ့ လက်မခံပါဘူး"

မီဒီယာဥပဒေနဲ့ တရားစွဲခံထားရတဲ့အမှုနဲ့ ပတ်သက်ပြီး ဗြိတိသျှ ကိုကိုမောင်က ဒီကနေ့ ဗဟန်းတရားရုံးမှာ အာမခံ လျှောက်ထားခဲ့ရာမှာ တရားရုံးက အာမခံပေးလိုက်ပါတယ်။

အယ်ဒီတာချုပ် ဦးကျော်မင်းဆွေဟာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံထားရပြီး အခုထပ်မံစွဲဆိုတဲ့ ပုဒ်မ ၂၅(ခ)ကို အာမခံ မလျှောက်ခဲ့ဘူးလို့ သူ့ရဲ့ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ)ဟာ လူတဦးတယောက်ကို အသရေဖျက်စေမှုအတွက် စွဲဆိုတဲ့ ပုဒ်မဖြစ်ပြီး ပြစ် မှုကျူးလွန်ကြောင်း ထင်ရှားရင် ငွေဒဏ် ၃ သိန်းကနေ ၁၀ သိန်းအထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးက ဦးကျော်မင်းဆွေရဲ့ ၆၆ဃ အတွက် အာမခံလျှောက်ထားချက်ကို ၈ ကြိမ်မြောက် ပယ်ချလိုက်ပါတယ်။

အဲဒီ ၆၆ ဃ နဲ့ တရားစွဲထားတဲ့ အမှုကို ပယ်ဖျက်ပေးဖို့အတွက် လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာ ရန်ကုန်တိုင်းဒေ သကြီး တရားလွှတ်တော်မှာ လျှောက်ထားမယ်လို့ ဦးကျော်မင်းဆွေရဲ့ ဥပဒေအကြံပေးဖြစ်တဲ့ ရှေ့နေ ဦးခင်မောင်မြင့် က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာကို သတင်းဌာနရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။