မြန်မာသမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို ရောက်ရှိ

သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာကို ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားပါတယ်။

2011.10.12
thein_sein_election_vote_305_z.png ၂၀၁၀ နိုဝင်ဘာ ၇ ရက်က ပြုလုပ်သော ရွေးကောက်ပွဲတွင် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် နေပြည်တော် မဲရုံတခု၌ မဲထည့်နေပုံ ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ရွေးကောက်ပွဲဝင်ရန် ဧပြီလတွင် စစ်ဖက်ရာထူးမှ နုတ်ထွက်ခဲ့သည်။ (Photo: AFP/ MYANMA NEWS AGENCY)
(Photo: AFP/ MYANMA NEWS AGENCY)

သီတင်းကျွတ် လပြည့်နေ့က ဗုဒ္ဓဂါယာ မဟာဗောဓိညောင်ပင်အနီး ယခင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ဇနီး လှူဒါန်းခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်ရှေ့မှာ ဦးသိန်းစိန်နဲ့အဖွဲ့ ဆီမီးထွန်းညှိ ပူဇော်ခဲ့သလို ကြာသပတေးနေ့ မနက်မှာတော့ မဇ္ဈိမဒေသ ဘုံကထိန်ခင်းမယ်လို့ စုံစမ်း သိရှိရပါတယ်။

မဇ္ဈိမဒေသ တဝိုက် မြန်မာကျောင်းထိုင် ဆရာတော် အားလုံးကို ပင့်ဖိတ်ပြီး ကထိန် သင်္ကန်းကပ်မယ့် အစီအစဉ်လည်း ရှိပါတယ်။ သမ္မတကြီး မရောက်ခင် ၂ ရက်လောက်ကတည်းက ဗုဒ္ဓဂါယာ တဝိုက် မကြုံစဖူး လုံခြုံရေး ထူထူထပ်ထပ် ချထားတာဟာ အရင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေထက် သာလွန်တယ်လို့လည်း ဗုဒ္ဓဂါယာက သံဃာတပါးက အာအက်အေကို မိန့်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်မှာ ယခင် စစ်အစိုးရခေတ် ၂ နိုင်ငံ သဘောတူပြီး အကောင်အထည်ဖော်လက်စ ကုလားတန်မြစ်ကြောင်း တိုးချဲ့ရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်း၊ ချင်းတွင်းမြစ်ကို အသုံးပြုပြီး ထမံသီရေအား လျှပ်စစ်စီမံကိန်း အခြေအနေတွေကို မကြာခင် နှစ်အနည်းငယ်မှာ အပြီးသပ်ဖို့ ဆက်လက် အကောင်အထည်ဖော်မဲ့ အကြောင်းလည်း သိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး စက်မှု ကုမ္ပဏီ တခုဖြစ်တဲ့ တာတာမော်တော်ကား ထုတ်လုပ်ရေး စီမံကိန်းတွေဟာ ၂ နိုင်ငံသဘောတူထားပြီး လုပ်ငန်းတွေ ဖြစ်သလို ဧရာဝတီမြစ် အနောက်ဘက်ကမ်း ပြည်ခရိုင် အတွင်း စက်မှုဇုံ တည်ထောင် ဆောင်ရွက်တဲ့ အစီအစဉ်တွေ ရှိနေတယ်လို့ အိန္ဒိယ စီပွားရေး သတင်းတွေအရ သိရပါတယ်။ ဒါ့အပြင် ဆေးဝါး ထုတ်လုပ်ရေး၊ အာစီယံ အဝေးပြေးကားလမ်း ဖောက်လုပ်ရေး ကိစ္စတွေကိုလည်း အမေရိကန် ဒေါ်လာ ၁၀ သန်းခွဲဖိုးခန့် ရင်းနှီး လုပ်ကိုင်နေပါတယ်။

လောလောဆယ် ပြည်တွင်းမှာ ကျဆင်းနေတဲ့ ဆန်စပါးနဲ့ လယ်ယာထွက်ကုန် တင်ပို့ရေး အစီအစဉ်တွေကို မြန်မာဘက်က တိုးမြှင့်လုပ်ဆောင်ဖို့ ဆန္ဒပြင်းထန်နေပြီး ဒီခရီးစဉ် အတွင်း စိုက်ပျိုးရေး သုတေသန ဌာနကို သွားရောက် လေ့လာမယ်လို့လည်း သိရပါတယ်။

တချိန်က မြန်မာ့ဆန်ကို အာစီယံနဲ့ အိမ်နီးချင်း နိုင်ငံတွေကို တင်ပို့ရောင်းချနိုင်ပေမဲ့ အခုတော့ အိန္ဒိယ ကိုယ်တိုင် ယခင်မြန်မာ့ဆန်ဈေးကွက် နိုင်ငံတွေကို ထိမ်းချုပ်ထားတာကြောင့် မြန်မာအဖို့ ဆင်းရဲတဲ့ အာဖရိက နိုင်ငံတွေကို ခြေဦးလှည့်နေတယ်လို့ အိန္ဒိယနိုင်ငံမှာ အနှစ် ၂၀ နေထိုင်ခဲ့ပြီး လက်ရှိ ဒီမိုကရက်တစ်ပါတီ်(မြန်မာပြည်) ရဲ့ ဘဏ္ဍာရေးမှူး ဦးအောင်ငြိမ်းက ပြောပါတယ်။

"ဗမာပြည်မှာ ဆန်က စိုက်ပျိုးတာလည်း နည်းလာတယ်။ အရည်သွေးလည်း ညံ့လာတော့ နည်းသစ်တွေနဲ့ လုပ်လာတယ်။ အိန္ဒိယ ကလည်း ဗမာ့ဖောက်သည်ဖြစ်ခဲ့တဲ့ နိုင်ငံတွေမှာ လုပ်နေကြတယ်။ ဗမာ့ဈေးကွက် လက်လွတ်သွားတဲ့ နေရာတွေပေါ့။ အခု ဗမာပြည်ထွက်ဆန်တွေက အာဖရိကဘက် ဦးတည်နေတယ်။ တခေတ်တုံးက မောလ်ဒီးစ်တို့လို ကျွန်းနိုင်ငံလေးတွေက ဗမာ့ဆန်ကို ယူကြတယ်။ ဗီယက်နမ်လည်း ဆန်ပိုထွက်နေတယ်။ ယိုးဒယားဆန်လည်း ကွာလတီကောင်းတော့ ရင်ဘောင်တန်းအောင် လုပ်ချင်တော့ ကျိုးစားနေရတာပေါ့။"

သမ္မတဦးသိန်းစိန် အစိုးရ အဖို့ ဒီမိုကရေစီဘက် ဦးတည်တဲ့ ပြော့ပျောင်းညင်သာမှု တချို့လုပ်ပေးခဲ့တာတွေ ၊မြစ်ဆုံကိစ္စလို ပြည်သူတွေရဲ့ အလိုနဲ့ ဆုံးဖြတ်မှုဟာ အိန္ဒိယအဖို့ အရင် စစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးထက် ပိုမို သာလွန်ပြီး ဂုဏ်သိက္ခာရှိတဲ့ ဆက်ဆံရေးကို ဖြစ်စေတယ်လို့ အိန္ဒိယသတင်းစာ တချို့က သုံးသပ်ရေးတာတွေလည်း ရှိပါတယ်။

သမ္မတရဲ့ အိန္ဒိယ ခရီးစဉ်ကနေ သူလိုလားတဲ့ အနောက်အုပ်စုနဲ့ ပြေလည်အောင် ဆက်ဆံရေး လမ်းကြောင်းအတွက် ခြေလှမ်းသစ်တွေလည်း ဖြစ်နိုင်တယ်လို့ ၂ နိုင်ငံဆက်ဆံရေးကိုလေ့လာနေတဲ့ နယူးဒေလီက ကိုကျော်သန်းက ပြောပါတယ်။

"မြန်မာ့အိမ်နီးချင်းတိုင်းပြည်တွေမှာ အနောက်တိုင်းလို စံဆိုတာမျိုးက အိန္ဒိယလို နိုင်ငံဘဲ ရှိတာကိုး၊ နောက် အနောက်တိုင်း နိုင်ငံတွေနဲ့ သံတမန်ရေးအရ ရင်ဘောင်တန်း ပြောနိုင်တာကလည်း အိန္ဒိယပဲဆိုတော့ ဒီအစိုးရအဖို့၊ အိန္ဒိယကိုလာတဲ့ ခရီးစဉ်ဆိုတာ နောင်ဖြစ်ပေါ်လာမဲ့ အနောက်တိုင်းကို ထိုးဖောက်မဲ့ သံတမန်ရေး ထိုးစစ်ရဲ့ ပထမဆုံးခြေလှမ်းလို့ပြောရမှာပေါ့။"

အိန္ဒိယသမ္မတ ပရာတီဘာ ရဲ့ဖိတ်ကြားချက်နဲ့ မြန်မာ သမ္မတရဲ့ ၄ ရက်ကြာ ခရီးစဉ် အတွင်း မကြာမီ နယူးဒေလီကို သွားရောက်မှာ ဖြစ်သလို ဝန်ကြီးချုပ် မန်မိုဟန်ဆင်း အပြင် ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးတွေနဲ့ သက်ဆိုင်ရာ မြန်မာခေါင်းဆောင်တွေ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။