တိုက်ပွဲကြောင့် သိန္နီဒေသခံ နှစ်ရာကျော် လားရှိုးမြို့ပေါ် ထပ်မံ ထွက်ပြေးလာရ
2023.11.11

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲကြောင့် သိန္နီမြို့ခံတွေ အပါအဝင် အနီးအနားရွာတွေက ဒေသခံ နှစ်ရာကျော် နိုဝင်ဘာလ ၁၁ ရက် ဒီနေ့ လားရှိုးမြို့ပေါ်ကို ထပ်မံ ထွက်ပြေးလာကြရပါတယ်။
သိန္နီမြို့ခံတွေအပြင် အနီးအနား ရွာတွေဖြစ်တဲ့ နားဆော့၊ မိုင်းလီ၊ နားချက် စတဲ့ရွာတွေက ဒေသခံ နှစ်ရာကျော်ကို လားရှိုးမြို့ပေါ်က ပရဟိတ အသင်းအဖွဲ့တွေ၊ စေတနာရှင်တွေနဲ့ တိုင်းရင်းသား ပါတီအချို့က သိန္နီမြို့အနီးအထိ သွားရောက် ခေါ်ဆောင်ခဲ့ကြတာပါ။
ထွက်ပြေးလာသူတွေကို လားရှိုးမြို့ပေါ်က တောရကျောင်းနဲ့ လားဟူ ခရစ်ယာန်ကျောင်းတွေမှာ နေရာချပေးထားတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစလို့ သိန္နီမြို့ပေါ်ကို MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားပြီး မြို့တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကောင်စီတပ် စ.က.ခ (၁၆) လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ နေ့စဉ် တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံကတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ နေ့စဉ်လိုလို လားရှိုးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင် နေကြရတာလို့လည်း ဆိုပါတယ်။
သိန္နီ-လားရှိုး လမ်းကိုလည်း နိုဝင်ဘာလ ၁၁ ရက်နေ့ ဒီနေ့အထိ MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်နဲ့ မကြာခဏ ဆိုသလို တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သိန္နီမြို့အနီးက ရေပူစစ်ဆေးရေးဂိတ်၊ လားရှိုး-သိန္နီ နယ်စပ်တံတား ဂိတ်စခန်းတွေလည်း တိုက်ခိုက်ခံထားရပြီး လမ်းပိုင်းအချို့လည်း ပျက်စီးနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်ဒီနေ့အထိ သိန္နီမြို့နယ်နဲ့ လားရှိုးမြို့နယ်အတွင်း ရွာတွေကနေ လားရှိုးမြို့ပေါ်ကို ထွက်ပြေးလာရတဲ့ ဒုက္ခသည် တစ်သောင်းနီးပါး ရှိနေပြီလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။