တရုတ်သစ်ခိုးထုတ်သမား ၁၅၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ လွှတ်ပေး


2015.07.30
china-illegal-loggers-free-620.jpg မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို ဇူလိုင်လ ၃ဝ ရက်နေ့က မှန်လုံးကား ၅ စီးနဲ့တင်ဆောင်ပြီး တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီကနေတဆင့် တရုတ်ပြည်ကို ပြန်လည်ပို့ဆောင်စဉ်
Photo: Kyaw Myo Min/RFA

တရားမဝင်သစ်ခိုးထုတ်မှုနဲ့ မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်အပါအဝင် အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၆၉၆၆ ယောက် ကို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီနေ့ လွှတ်ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းကျနေသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နိုင်ငံခြားသံရုံးတွေက အစိုးရကို တောင်းဆို တာကြောင့် ချစ်ကြည်ရေးအတွက် အခုလိုလွှတ်ပေးတာဖြစ်တယ်လို့ ကချင်ပြည်နယ် အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်လင်းက ပြောပါတယ်။

"ကချင်ပြည်နယ် အကျဉ်းဦးစီးဌာနကနေ လွှတ်ပေးတာ တရုတ်နိုင်ငံသားတွေ အပါအဝင် စုစုပေါင်း အားလုံး ၄၁ဝ ဦးရှိပါတယ်၊ နိုင်ငံခြားသံရုံးတွေကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ပြောတာလည်းပါတယ်၊ နောက်တစ်ခုက နိုင်ငံ အချင်းချင်း ချစ်ကြည်ရေးအရလည်းပါပါတယ်၊ ဒါကလည်း တစ်နိုင်ငံလုံးအနေနဲ့ဆိုရင် ပါကစ္စတန်နိုင်ငံ သားတွေ နောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ၊ သြစတြေးလျနိုင်ငံသားတွေလည်းပါပါတယ်၊ ကချင်ပြည်နယ် မှာတော့ တရုတ်နိုင်ငံသားချည်းပဲဖြစ်ပါတယ်"

လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ကို မြစ်ကြီးနား-ကန်ပိုက်တီး လမ်းကြောင်းအတိုင်း တရုတ်နိုင်ငံ နယ်စပ်အထိ မော်တော်ယာဉ်တွေနဲ့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ လွတ်မြောက်တဲ့စာရင်းတွေ အရ နိုင်ငံရေးအကျဉ်းသား ၁၃ယောက်လောက် ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသူတွေ က ပြောပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရရှိတဲ့အထဲမှာ အင်းစိန်အကျဉ်းထောင်မှာ သာသနာညှိးနွမ်းစေမှု နဲ့ ပြစ်ဒဏ်ကျနေတဲ့ V Gastro Bar ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာ ၂ဦး၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အကျဉ်းကျနေတဲ့ ဘိုင်မွန်းတည့်နေဂျာနယ်က သတင်းသမား ၅ဦး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ထောက်ခံလက်မှတ်ရေးထိုးတာကြောင့် အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ဗိုလ်မှူးကျော်စွာဝင်းတို့ ပါဝင်ပါတယ်။

နိုင်ငံတော်အစိုးရက အကျဉ်းထောင်အသီးသီးက အကျဉ်းသား ခုနှစ်ထောင်နီးပါးကို ဒီနေ့ လွှတ်ပေးရာ မှာ နိုင်ငံရေးအရ ပြစ်ဒဏ်ကျခံရသူတွေ ဆယ်ဂဏန်းလောက်သာ ပါဝင်တာနဲ့ပတ်သက်လို့ RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီကနေ့ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူတွေနဲ့အတူ လက်မှတ်ထိုးတောင်းဆိုလို့ ထောင်ချခံထားရတဲ့ ဗိုလ်မှူးကျော်စွာဝင်းလည်း ပါဝင်ပါတယ်။ ဗိုလ်မှူးကျော်စွာဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။