သီးသန့်ရန်ပုံငွေသုံးစွဲမှု လွှတ်တော်ကို သမ္မတ အသိပေး
2016.01.20

ပြီးခဲ့တဲ့နှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သီးသန့်ရန်ပုံငွေကနေ ကျပ်သန်းပေါင်း နှစ်သောင်းနီးပါး သုံးစွဲခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယကထံ သဝဏ်လွှာ ပေးပို့ လိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန စတဲ့ အစိုးရအဖွဲ့တွေက ကျပ်သန်းပေါင်း ၂သောင်းနီးပါး ကို သုံးစွဲခဲ့တာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မနေ့ကပေးပု့ိလိုက်တဲ့ သဝဏ်လွှာမှာပါရှိ တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောပါတယ်။
"၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကာကွယ်ရေးဝန်ကြီးဌာန ဆိုင်ရာ လုပ်ငန်း ၁ ခု၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်း ၇ ခု၊ မွေးမြူရေး၊ ရေ လုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံဖြိုးရေးဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်း ၂ ခု၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဆိုင်ရာ လုပ်ငန်း ၁ ခု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဆိုင်ရာ လုပ်ငန်း ၁ ခု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆိုင်ရာ လုပ်ငန်း ၁ ခုနဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဆိုင်ရာ လုပ်ငန်း ၁ ခု စုစုပေါင်းလုပ်ငန်း ၁၄ ခုအတွက် ရန်ပုံငွေစုစုပေါင်း ကျပ်သန်း ၁၂၈၁ဝ.၇၃၁ ကို ခွဲဝေသုံးစွဲထားရှိမှုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း အသိပေးကြေညာပါတယ်"
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ကျပ်သန်းပေါင်း ရှစ်ထောင်နီးပါး သုံးစွဲခဲ့ပြီး ကာကွယ်ရေးဝန်ကြီး ဌာန လက်အောက်မှာရှိတဲ့ တပ်မတော် ( ကြည်း၊ ရေ၊ လေ ) တပ်ရင်း/တပ်ဖွဲ့ ၂၁၁ ခု အတွက် ကျပ်သန်းပေါင်း သုံးထောင် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက တိုင်းနဲ့ဲပြည်နယ်တွေမှာရှိတဲ့ ဆည်မြောင်းတာတမံတွေ၊ ရေ ကြီးရေလျှံမှု ကာကွယ်ရေးလုပ်ငန်းတွေ၊ အင်းလေးကန် အစဉ်အမြဲသာယာလှပရေးနဲ့ ရေရှည်တည်တံံ့ရေးတို့အတွက် သုံးစွဲခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်းက ချောင်းမြောင်းတွေ ပြန်လည် တူးဖော်ရေးနဲ့ မြေထိန်းနံရံ တည်ဆောက်ရေးတို့အတွက်လည်း ကျပ်သန်းပေါင်း တစ်ထောင့်နှစ်ရာကျော် အသုံးပြုခဲ့ပါတယ်။