အာဏာလွှဲပြောင်းရေး မစိုးရိမ်ဖို့ သမ္မတ ဦးသိန်းစိန် ကတိပြု
2015.11.15

အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ပါတီကို လွှတ်တော်လုပ်ထုံးလုပ်နည်းများနဲ့အညီ အစိုးရက စနစ်တကျ အာဏာလွှဲပြောင်းပေးသွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်ပူပန်မှုမရှိကြဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကတိပေး ပြောကြားလိုက်ပါတယ်။
နိုင်ငံရေးပါတီ ၈၆ ပါတီ က ခေါင်းဆောင်တွေ နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရုံးခန်းမမှာ ဒီနေ့ တွေ့ဆုံခဲ့ကြ စဉ်အတွင်း သမ္မတ ဦးသိန်းစိန် က အခုလို ပြောကြားခဲ့ပါတယ်။
"ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ ကျန်ရှိနေသေးတဲ့ အစိုးရသက်တမ်းကာလအတွင်းမှာ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဌာန်းထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်ပြီး အသွင်ကူးပြောင်းရေး ကို ချောမွေ့အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ကျနော့်အနေနဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဒုတိယအကြိမ် လွှတ်တော်များ စတင်ကျင်းပဖို့ ဖိတ်ကြားမှာဖြစ်ပါတယ်၊ သို့သော်ငြားလည်းပဲ ဆောင်ရွက်ရန်ရှိသည်များကို အဆင့်ဆင့် ဆောင်ရွက်ပြီးတဲ့အခါမှာ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့သစ်ထံကို သက်မှတ်ချိန်အတွင်း စနစ်တကျ တာဝန်လွှဲပြောင်း ပေးအပ်သွားမှာဖြစ်ပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိစေဖို့နဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ချောချောမွေ့မွေ့ဖြစ်စေဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့ ထပ်မံပြောကြားလိုပါတယ်"
ဒါ့အပြင် သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ ပါတီတွေအနေနဲ့လည်း အပြန်အလှန် ထိန်းကျောင်းတဲ့ ဖြစ်စဉ်အားကောင်းဖို့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို လုပ်ဆောင်ကြဖို့နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ တွေပြုလုပ်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဆက်လက်ပူးပေါင်းပါဝင်ကြဖို့အတွက် တိုက်တွန်းသွားပါတယ်။
ဒီနေ့ တွေ့ဆုံပွဲကို လက်ရှိမဲရလဒ်တွေအရ အစိုးရဖွဲ့ဖို့ သေချာနေပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စတဲ့ပါတီပေါင်း ၈၆ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုတက်ရောက်လာတဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက NLD ပါတီ စတင်တည်ထောင်ချိန်ကတည်းက ကိုင်စွဲလာတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့မူကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက်အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
တွေ့ဆုံပွဲအပြီးမှာ ဦးဉာဏ်ဝင်း က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ အာဏာလွှဲပြောင်းရေး ချောမွေ့စေ ဖို့ ဆောင်ရွက်ပေးမယ်၊ အားလုံးကလည်း ဝိုင်းကူကြပါလို့ ပြောတာကြောင့် ကြီးမားတဲ့ အခက်အခဲတွေ့မယ်လို့ မမြင်မိကြောင်း RFA ကိုပြောပါတယ်။
"သမ္မတကြီးက အာဏာလွှဲပြောင်းရေး၊ အစိုးရအဖွဲ့ပြောင်းလဲရေးအတွက် ချောချောမွေ့မွေ့ဖြစ်အောင် လုပ်ပေးမယ်၊ အားလုံးဝိုင်းကူညီကြပါဆိုပြီး ဒီလိုပြောတာ အဲ့ဒီတော့ ဒီပြောစကားကတော့ ကြိုဆိုရမှာပဲလေ၊ အခုအနေနဲ့ ဆက်စပ်တွေ့မယ်ဆိုရင် သိပ်ကြီးမားတဲ့အခက်အခဲတော့ မတွေ့နိုင်ဘူးလို့ထင်တယ်၊ အခုအထိတော့ တပ်မတော်ကတွေ့ဖို့ သဘောတူပြီးသား၊ အဲ့ဒီတော့ အဓိကတော့ သမ္မတနဲ့တွေ့တာ ပိုပြီးတော့ အရေးကြီးမယ်လို့ထင်တယ်၊ ဒီကနေဆက်စပ်ပြီး တပ်မတော်နဲ့တွေ့တဲ့ကိစ္စက ဆက်စပ်သွားမယ်လို့ ကျနော် အဲ့ဒီလိုထင်ပါတယ်"
တက်ရောက်လာတဲ့ပါတီတွေက ရှမ်းပြည်နယ်က စစ်ပွဲတွေရပ်ဆိုင်းရေးနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်း သား ကျောင်းသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး စတဲ့အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နောက်တက်လာမယ့် အစိုးရကို စနစ်တကျ အာဏာလွဲပြောင်းပေးသွား မှာဖြစ်ပြီး နောက်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ဒီကနေ့ နိုင်ငံရေး ပါတီ ၈၆ ပါတီနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာကျင်းပတဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြထားပါတယ်။
အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပနိုင်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံရဲ့ အိမ်နီးခြင်းနိုင်ငံတွေက သာမန်ပြည်သူတွေကလည်း ဝမ်းသာဂုဏ်ယူကြပါတယ်။
မြန်မာရဲ့ အိမ်နီးခြင်း ကမ္ဘောဒီးယားနဲ့ လာအို (လော) နိုင်ငံတွေက ပြည်သူတချို့က မြန်မာနိုင်ငံ ရဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်တဲ့အပေါ် အမြင်တွေကို အာအက်ဖ်အေ သတင်းထောက် ကိုဘုန်းမြတ်က စုစည်းတင်ပြထားပါတယ်။