မီးလောင်ဆိုင်ခန်းတွေ အတွက် ထောက်ပံ့ကြေးပေးမယ် လို့ သမ္မတဦးသိန်းစိန် ပြောကြား
2016.01.11

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးမှာ မီးလောင်ပျက်စီးသွားတဲ့ ဆိုင်ခန်းတွေ အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သဘာဝဘေးအန္တရာယ် ကူညီထောက်ပံံ့ရေး ရန်ပုံငွေ ကနေ ထောက်ပံ့ကြေးပေးသွားမယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ ဆိုင်ခန်းပိုင်ရှင်တချို့နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဒီနေ့ တွေ့ဆုံစဉ် ပြောသွား တာဖြစ်တယ်လို့ မင်္ဂလာဈေး ဥက္ကဌ ဒေါက်တာစောလှထွန်းက ပြောပါတယ်။
"မီးဘေးဆိုတာကလည်း သဘာဝဘေးအန္တရာယ် ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်မှာရှိတဲ့ သဘာဝဘေး အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ရန်ပုံငွေတော့ရှိပါတယ်၊ တစ်ဆိုင်ကို နိုင်ငံတော်ကနေပြီးတေ့ာ သဘာဝဘေး အန္တရာယ် ခံခဲ့ရတဲ့ဆိုင်တွေကို အနည်းဆုံး ၅ သိန်းနဲ့ ၁ဝ သိန်းကြား မေတ္တာနဲ့ ကူညီပေးပါ့မယ်၊ အခုအဆောက် အဦး ဆောက်တဲ့အခါ လုပ်ငန်းပြန်စနိုင်ဖို့အတွက် ယာယီဈေးကိုလည်း ဒီအနီးနားဝန်းကျင်မှာလည်း တစုတစည်း တည်းဖြစ်အောင် နိုင်ငံတော်ကလည်း ပြန်လည်ပြီးတည်ဆောက်ပေးပါ့မယ်၊ အချိန်ကတော့ ချက်ချင်းဆောင် ရွက်ပေးပါ့မယ်လို့ သိရပါတယ်"
မင်္ဂလာဈေးကို အသစ်ပြန်လည်တည်ဆောက်မလား ပြုပြင်မလားဆိုတာကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းထံ အကြံဉာဏ်တောင်းယူထားကြောင်းနဲ့ အသစ်ပြန်လည်တည်ဆောက်မယ်ဆိုရင် ဆိုင်ခန်းအကျယ်ကို တိုးချဲ့ဆောက် လုပ်ပေးသွားမှာဖြစ်ကြောင်းလည်း ပြောခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်နေ့ မနက် ၁နာရီကျော်လောက်က မင်္ဂလာဈေး မီးလောင်ခဲ့ပြီး ၃ထပ်၊ ၄ထပ် နဲ့ ၅ထပ်မှာရှိတဲ့ ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် တန်ဖိုး ကျပ်သိန်းပေါင်း ၃သိန်း ၆သောင်းကျော် ဆုံးရှုံးခဲ့ပြီး မင်္ဂလာဈေး လျှပ်စစ်တာဝန်ခံ အပါအဝင် ၆ဦးကို အမှုဖွင့်ထားတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်းက သတင်းထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကလည်း မင်္ဂလာဈေး ၄ထပ်မှာ မီးလောင်ခဲ့ပြီး ဆိုင်ခန်း ၈၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။