ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတလောင်း နိုင်ငံတော် သမ္မတ ဖြစ်တယ်လို့ ပြော


2015.10.06
khinzawoo-usdp-candidates-620.jpg ဦးပိုင်ကုမ္ပဏီ ဥက္ကဌဟောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ဇော်ဦး အောက်တိုဘာလ ၆ ရက်နေ့က တနင်္သာရီမြို့နယ် ပဝကျေးရွာမှာ မဲဆွယ်နေစဉ်
Photo: Kyaw Lwin Oo/ RFA

တခြားပါတီမှာ သမ္မတလောင်းကို ထုတ်ဖေါ်မပြောနိုင်သေးကြောင်းနဲ့ ပြည်ခိုင်ဖြိုး ပါတီက သမ္မတလောင်းအဖြစ် လက်ရှိပြည်ခိုင်ဖြိုးပါတီဥက္ကဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုပဲ တင်မြှောက်မှာဖြစ်တယ်လို့ တနင်္သာရီ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး က ပြောပါတယ်။

မနေ့က တနင်္သာရီမြို့နယ် ပဝကျေးရွာမှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတလောင်းအဖြစ် ဘယ်သူ့ ကို ရွေးချယ်ထားလဲဆိုတာကို တက်ရောက်လာ တဲ့ ဒေသခံတစ်ဦးက မေးမြန်းရာမှာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးက ဖြေကြားခဲ့တာဖြစ်ပါတယ်။

"သမ္မတလုပ်မယ့်သူကတော့ ပါတီဥက္ကဌပေါ့ဗျာ၊ အဲ့လိုမျိုးတခြားပါတီကိုမေးကြည့်ပါ၊ သူတို့ကို သမ္မတလုပ်နိုင် မယ့်သူကို ပြောနိုင်တဲ့ပါတီရှိရင် ကျနော်တို့ကိုပြပါ၊ ကျနော်တို့ ပါတီအနိုင်ရရင် ဖြစ်လာမယ့် သမ္မတဟာ ပါတီ ဥက္ကဌပဲ၊ ပြည်ခိုင်ဖြိုးပါတီကအနိုင်ရလို့ ကတော့ ဒီသမ္မတဟာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဆိုတာကတော့ မြေကြီး လက်ခတ်မလွဲဘူး"

ဦးခင်ဇော်ဦးဟာ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ကစထမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို တနင်္သာရီတိုင်းမှူးအဖြစ်လည်း တာဝန်ယူခဲ့ ပါတယ်။ သူဟာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တည်ထောင် ခဲ့တဲ့ ဦးပိုင်ကုမ္ပဏီရဲ့ ဥက္ကဌဟောင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီမဲဆွယ်ပွဲမှာ လာမယ့် ရွေးကောက်ပွဲမှာ ၇ဝ ရာခိုင်နှုန်းကျော် အနိုင်ရရှိမယ့် ပါတီကသာ အစိုးရဖွဲ့နိုင် မှာဖြစ်ပြီး တပ်မတော်နဲ့ အဆင်ပြေတဲ့သူူသာ သမ္မတဖြစ်နိုင် မယ်လို့လည်း ပြောခဲ့ပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြည်သူ့လွှတ်တော်အတွက် ဦးခင်ဇော်ဦး၊ အမျိုးသားလွှတ်တော် အတွက် ဦးသန်းမြင့်၊ တိုင်းဒေ သကြီး အမှတ် ၁ အတွက် ဦးအေးအောင်နဲ့ တိုင်းဒေသကြီး အမှတ် ၂ အတွက် ဦးထင်ပေါ်တို့ ဝင်ရောက်ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။ မနေ့က မဲဆွယ်ဟောပြောပွဲကို ဒေသခံ ၃ဝဝ  လောက်တက်ရောက်ခဲ့ပါတယ်။

တနင်္သာရီမြို့နယ်မှာ ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၁၉ ခုရှိပြီး မဲပေးခွင့်ရှိသူ ၅ သောင်းကျော်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။